ကရင်နီပြည်နယ် အမှတ် ၂ ခရိုင် ကျေးရွာများတွင် ရွာတိုင်းလိုလို ရွာသူရွာသားများက ဖလာကို အဓိက စီးပွားရေးအဖြစ် စိုက်ပျိုးကြပါသည်။
ဖလာများကို အအေးပိုင်းဒေသတွင်သာ စိုက်ပျိုးရပါသဖြင့် ၎င်းဒေသဘက်တွင် အေး၍ စိုက်ပျိုးခြင်းဖြစ်ပြီး ဖလာစိုက်ခင်းများအတွက် သစ်ပင်ကြီးများ ခုတ်လှဲရန် မလိုပဲ အလွယ်တကူ စိုက်ပျိုးနိုင်ပါသဖြင့် ဒေသခံပြည်သူများက တောနက်အထိ ဖလာခင်းများကို တောက်လျှောက်စိုက်ပျိုးကြသည်။
မြေတဧကတွင် ဆန်စပါးများကို စိုက်ပျိုးပါက ပုံး ၁၀၀ သာထွက်ရှိပြီး ဖလာများကို စိုက်ပျိုးသော စိုက်ခင်းမှ ရရှိလာသော ၀င်ငွေများမှာ ဆန်ပုံး သုံး၊ လေးရာခန့် ၀ယ်ယူနိုင်၍ ဖလာခင်းများကို ပိုမို၍ စိုက်ပျိုးလာကြခြင်းဖြစ်ပါသည်။
ယခုလို ဖလာစိုက်ခင်းများ အများအပြားစိုက်ပျိုးရာမှ ဒေသခံများအတွက် ယခင်တွင် အကျိုးအမြတ် ရရှိပါသော်လည်း ယခုအချိန်တွင်မှာဆိုလျှင် ဆိုးကျိုးများနှင့် ရင်ဆိုင်နေရပြန်သည်။
ဖလာစျေးကွက်များကို အစိုးရက သိသိသာသာ ထိန်းချုပ်လာမှုကြောင့် ဖလာစျေးမှာ ယခင်နှစ်များထက် တဟုန််ထိုး ကျဆင်းသွားကာ ဖလာစိုက်တောင်သူများက ဖလာကို သိုလှောင်ထားသည့် အဆင့်သို့ ရောက်ရှိနေပြီဟု ဆိုသည်။
“သူတို့ နအဖပဲ အားလုံးပေးရတာကို နအဖက လျော့စျေးနဲ့ဝယ်တော့ သူများ သိပ်မရောင်းချင်ကြတော့ဘူး။ အခုက ဖလာဆိုရင် ရွာသားတချို့က လှောင်ထားတယ် သူတို့ မရောင်းတော့ဘူး။ ဒီတရုတ်က လာဝယ်လို့ရှိရင် သူတို့ ၁ သောင်း ၂ ထောင်၊ သောင်း ၅ထောင်အထိ ပေးတယ်လို့ ပြောတယ် ဒီလွိုင်ကော်မှာ ဒါပေမယ့် ဟိုမှာက တိုက်ရိုက်သွားရောင်းလို့ မရဘူးလေး နအဖတွေက ဒီမော်ချီးမှာ ထိန်းချုပ်ထားတာကို အဲမှာအားလုံးသွားရောင်းရတယ်” ဟု အမှတ်(၂)ခရိုင် ဒေသခံများအတွက် ကယ်ဆယ်လုပ်ငန်းများ ပါ၀င်လုပ်ဆောင်ပေးနေသော Free Burma Reangar အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
ယခင်နှစ်များတွင် ဖလာစျေးမှာ တပိဿာလျှင် ကျပ် ၂သောင်း ပတ်ဝန်းကျင်ခန့်ရှိပြီး ယခုနှစ်တွင်မှာ စစ်အစိုးရမှ တိုက်ရိုက်စျေးကွက်များကို ၀င်ရောက်ထိန်းချုပ်လိုက်သည့်အတွက် တပိဿာလျှင် ကျပ် ၈၀၀၀ မျှသာ ကျန်တော့သည်။
ယခုလို ဖလာစျေးများကို စစ်အစိုးရက ထိမ်းချုပ်ထားခြင်းကြောင့် လူထုများဒုက္ခရောက်နေချိန် ဖလာခင်းအတွင်း၌ ကရင်နီသူပုန်များ မသွားလာစေရန်ဟုဆိုကာ မြေမြုတ်မိုင်းများကို ထောင်ထားခြင်းကြောင့်လည်း ရွာသူရွာသားများမိုင်းနင်းမိ၍ အသက်ဆုံးမှုများနှင့် ဒုက္ခိတဘဝသို့ ရောက်ရှိနေကြရသည့်အဖြစ်ကိုလည်း ရင်ဆိုင်နေကြရသည်ဟု ဆိုသည်။
“ပြီးခဲ့တဲ့နှစ်ဆိုရင် သုံးယောက် ထိခဲ့သေးတယ်။ မိန်းကလေးတစ်ယောက်၊ သာသနာဆရာတစ်ယောက်၊ ရိုးရိုးရွာသားတစ်ယောက်ပေါ့။ အဲဒါကအမျိုးသမီးနဲ့ သာသနာဆရာတစ်ယောက်က ဆိုလို့ရှိရင် ဖရူဆိုမြို့နယ် ဟာအူ လဲခေါ်တယ်၊ရောဒေါ်ခေါ်လို့လဲခေါ်တယ်။ ဖာဆောင်းမြို့နယ်မှာက ပဟီထာအဲဒါက အမျိုးသား။ သုံးယောက်ပေါ့နော်” ဟု ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မဌာနမှသတင်းနှင့် ဗွီဒီယို၊ ကင်မယာမှတ်တမ်းများ ပြုစုသောတာဝန်ခံဝင်းမင်းကပြောပြသည်။
ဒေသခံပြည်သူများအနေဖြင့် ယခုလိုမိုင်းများ နင်းမိသည့် အခက်အခဲများအပြင် ဖလာခင်းများ အတွင်းတွင် ခိုအောင်းနေသော မွေစိမ်းများ၏ အန္တာရာယ်များနှင့်လည်း ရင်ဆိုင်နေကြရပါသည်။
ထိုအကြောင်းနှင့် ပါတ်သက်၍ Free Burma Reangar မှ တာဝန်ရှိသူက “သေတာတော့မကြားဘူး ခဏခဏ အပေါက်ခံရတာတော့ရှိတယ်။ ဘာမှထူးထူးခြားခြား လုပ်တာတော့ မရှိဘူးထင်တယ်။ တွေ့လို့ရှိရင် သတ်တယ်၊ မတွေ့ဘူးဆိုရင်လဲ တခါတလေ သတိနဲ့ သူတို့ လုပ်ရတယ်ပေါ့နော်။ သူတို့ခူးတဲ့အချိန်မှာ မြက်၊ တောရှင်းတဲ့အချိန်မှာ သတိနဲ့ပဲ နေရတယ်” ဟုပြောပါသည်။
ကရင်နီပြည်အမှတ် (၂) ခရိုင်သည် အအေးဇုံသေသဖြစ်သည်။ အအေးဓါဏ်ကြိုက်သော ဖလာများကို ဒေသခံများက ဇွန်လှိုင်လနှင့် သြဂုတ်လများတွင် စိုက်ပျိုးကြပြီး တနှစ်ပါတ်လုံးရဲ့ စားဝတ်နေရေးအတွက် အမှီတဟဲပြုကြပါသည်။
ဖလာစျေးကွက်များကို စစ်အစိုးရမှထိမ်းချုပ်ထားခြင်း၊ ဖလာခင်း၌မြေမြုတ်မိုင်းများ ထောင်ခြင်းနှင့် မွေများခိုအောင်းခြင်းစသည့် ဒုက္ခများကို ဒေသခံများ ရင်ဆိုင်နေကြရသည့်အတွက်ကြောင့် ဖလာအစားဆန်စပါးများ အစားထိုးစိုက်ပျိုးရန် မျှော်လင့်ထားကြသော်လည်း ရာသီဥတုနှင့်ကိုက်ညီမှုရှိမရှိ စိုးရိမ်ပူပန်နေကြသည်ဟု သိရသည်။



