ပြည်တွင်း ဒုက္ခသည်အတွက် စံပြအိမ် တည်ဆောက်ရန် အဆင်သင့်မဖြစ်သေး

ပြည်တွင်း ဒုက္ခသည်အတွက် စံပြအိမ် တည်ဆောက်ရန် အဆင်သင့်မဖြစ်သေး
by -
ကန္တာရဝတီတိုင်း(မ်)

ပွန်ချောင်းနှင့် သံလွင် အရှေ့ ဖက်အခြမ်းရှိ IDP (ပြည်တွင်း ဒုက္ခသည်) များအတွက် စံပြအိမ်ရာတည် ဆောက် ပေးမည့်အစီအစဉ် အဆင်သင့်မဖြစ်သေးကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လွိုင်ကော်ဆက်ဆံရေးရုံးမှ တာဝန်ခံ ဆရာပလုရယ်က ပြောသည်။

စံပြကျေးရွာတည်ဆောက်ရန်အတွက် ဘတ်ဂျက်အခက်အခဲရှိနေခြင်း၊ နေရာများရွေးခြယ်နေရသေးခြင်း၊ မိုင်းများ မရှင်းလင်းနိုင်သေးခြင်းတို့ကြောင့် လာမည့်၂၀၁၅ခုနှစ်တွင်သာ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ပြောသည်။

“အဆင်သင့်မဖြစ်သေးလို့ ဒီ၂၀၁၅ မှာပဲလုပ်ဖြစ်သွားမယ်။ IDP တွေပြန်လည်နေရာချထားဖို ့ကျနော်တို ့အစိုးနဲ့ဆွေးနွေးထားတုံးကသဘောတူထားတာရှိတယ်။ ဘတ်ဂျက်က ၂၀၁၃-၁၄ ကပေါ့။ ဒါပေမဲ့လုပ်ဆောင်မှာက ဒီ ၂၀၁၄-၁၅ မှာ စတင်လုပ်ဆောင်မှာပေါ” ဟု ဆရာပလုရယ်က ပြောသည်။

KNPP နှင့် အစိုးရပူးပေါင်းပြီး IDP စံပြကျေးရွာ အိမ်ခြေ ၅၀ အတွက် ဘတ်ဂျက်ကို ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ရာထားသော်လည်း ၂၀၁၅ ခုနှစ်မှသာလျှင် စတင်လုပ်ဆောင်နိုင်မည်ဖြစ်သည်ဟု သိရသည်။

လိုအပ်သည့် ရေ၊ မီး၊ ဆေးပေးခန်း စသည်များကို အစိုးရ၊ NGOs များနှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။ အစိုးရမှ အိမ်ခြေ အလုံး ၅၀ အတွက် တလုံးလျှင် သိန်း ၅၀ ဖြင့် ချထားပေးသည်ဟု သိရသည်။

(KNPP)နှင့် အစိုးရတို့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့်ဆွေနွေးပွဲတွင် IDPs များ ပြန်လည်အခြေချထား ရေးအတွက် ရှားတောမြို့နယ်၊ ဒေါတခဲဒေသတွင်စံပြစီမံကိန်း နမူနာတခုကို နှစ်ဘက်ညှိနှိုင်းဆောင်ရွက်ရန် ဆိုပြီး သဘောတူညီချက်ထားခဲ့ကြသည်။

ထို့အပြင် ပြည်နယ်အတွင်း IDPs များ ပြန်လည်နေရာချထားမည့်နေရာတွင် မြေမြှပ်မှိုင်း ရှင်းလင်းရေး နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆောင်ရွက်ရန်လည်း သဘောတူညီချက်ကြပြီး ယခုအချိန်အထိ လုပ်ငန်းစတင်နိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။

Most read this week