ထိုင်းအာဏာသိမ်း စစ်တပ်အဖွဲ့၏ အထောက်အထားမဲ့ အပါအဝင် အလုပ်လုပ်ကိုင်နေသည့် အထောက်အထား မပြည့်စုံသည့် ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးမှုစီမံချက်၌ အထောက်အထားမဲ့ မြန်မာလုပ်သားပေါင်း နှစ်သိန်းဝန်းကျင် အဖမ်းအဆီး ခံရနိုင်ဖွယ်ရှိနေသည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်က မဇ္ဈိမကို ဇွန် ၁၆ ရက်တွင် ပြောသည်။
“ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာအလုပ်သမား နှစ်သိန်းနီးပါးလောက် ရှိမယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားတယ်လေ။ အခု စစ်တပ်နဲ့ ရဲတွေက ပြောတာက အထောက်အထားမဲ့ အလုပ်သမားတွေ အားလုံးကို ဖမ်းမယ်လို့ ကြေငြာထားတယ်” အလုပ်သမားသံအရာရှိ ဦးသိန်းနိုင်က မဇ္ဈိမကို ပြောသည်။
ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားပေါင်း နှစ်သန်းခန့်လာရောက် အလုပ်လုပ်ကိုင်နေပြီး အထောက် အထားမဲ့ မြန်မာအလုပ်သမားပေါင်း နှစ်သိန်းခန့် ရှိမည်ဟုလည်း ဦးသိန်းနိုင်က ပြောသည်။
ပြီးခဲ့သည့်ကာလများ၌ ထိုင်းလုပ်ငန်း ရှင်အချို့က မြန်မာအလုပ်သမားများအား ငှားရမ်းရာ၌အထောက် အထားမဲ့ အလုပ်သမားများအား ငှားရမ်းရန် ပိုမိုစိတ်ဝင်စားကြခြင်းက ထိုင်းနိုင်ငံ၌ အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာလုပ်သား မြင့်မားလာစေမှုအား ဖန်တီးခဲ့သည့်အကြောင်းရင်း တစ်ရပ် ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။
“အလုပ်ရှင်တွေက အထောက်အထား အပြည့်အစုံနဲ့ အလုပ်သမားကို ငှားရမ်းမယ် ဆိုရင် သူတို့တာဝန်ယူရ တာတွေ၊ အာမခံ ပေးရတာတွေ များတယ်။ ဒါကြောင့် အထောက်အထားမဲ့ အလုပ်သမားကိုပိုငှားချင်ကြ တယ်။ အဲတော့မှ ကြိုက် သလိုခိုင်းလို့ ရတယ်။ ခေါင်းပုံဖြတ်လို့ ရတယ်” ဟု ဦးသိန်းနိုင်က မဇ္ဈိမကို ပြောသည်။
အထောက်အထားမဲ့ခြင်းဆိုရာ၌ယာယီ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးနေသူများ၊ ဗီဇာကုန်ဆုံးနေ သူများ၊ အလုပ်လုပ်ခွင့် လက်မှတ် (Work Permit) မရှိသူများ၊ နိုင်ငံကူးလက်မှတ်သာ ကိုင်ဆောင်၍ အလုပ်လုပ်ခွင့်လက်မှတ် မကိုင်ဆောင်ထားသူများ၊ လုပ်ငန်းရှင်ကလုပ်သားငှားရမ်း ထားကြောင်း အထောက်အထား မပြည့်စုံသည့် အလုပ်သမားများ၊ အလုပ်လုပ်ခွင့် မှတ်ပုံတင်ပါ အလုပ်လုပ်နေရာနှင့် လွဲ၍ အလုပ်လုပ်နေသူများ စသည့်များ အားလုံး ပါ၀င်မည် ဖြစ်သည်။
ဇွန်လ ၁၅ ရက်က ဘန်ကောက်မြို့တွင်း စီလုံရပ်ကွက်နှင့် ရန်းဇစ်တလာဒ်ထိုင်း ရပ်ကွက်၌ နိုင်ငံကူးလက်မှတ် သာရှိ၍ အလုပ်လုပ်ခွင့်လက်မှတ် မရှိသည့် မြန်မာ အလုပ်သမားနှစ်ဦးအား ထိုင်းအာဏာပိုင် များမှ ပတ်စ်ပို့ဆုတ်ဖြဲကာဖမ်း ဆီး သွားခဲ့၍ မိမိဆီ အကူအညီတောင်းလာကြောင်း ဘန်ကောက်မြို့ စီလုံ၌နေထိုင်သည့် မြန်မာ အလုပ်သမားတစ်ဦးဖြစ်သူ ကိုအောင်မျိုးလွင်က ပြောသည်။
“နိုင်ငံခြားသားတွေအတွက် အမှတ်တရပစ္စည်း အရောင်းဆိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား တစ်ဦးပေါ့။ အာဏာပိုင်တွေက နိုင်ငံကူးလက်မှတ် စစ်တယ်။ အလုပ်လုပ်ခွင့် လက်မှတ်စစ်တယ်။ ပတ်စ်ပို့စ်စစ်လို့၊ ပတ်စ်ပို့စ်မှာ အလုပ်လုပ် ခွင့် လက်မှတ်မရှိဘူးဆိုပြီး စာအုပ် ဆုတ်ဖြဲ ပြီး ဖမ်းလိုက်တယ်၊ အကယ်၍ အလုပ်လုပ် ခွင့်လက်မှတ် ရှိတယ်ဆိုရင်လည်း မှတ်ပုံတင်ထားတဲ့ အလုပ်နဲ့မကိုက်ညီဘူး ဆိုရင်လည်းဖမ်းတယ်”ဟု ကိုအောင်မျိုးလွင်က ၎င်း၏ မျက်မြင်တွေ့ရှိချက်ကို ပြောသည်။
ထိုင်းနိုင်ငံ၌ မြန်မာအလုပ်သမား အများစုနေထိုင် လုပ်ကိုင်နေကြသည့် စမွတ်ဆာခွန်ခရိုင် မဟာချိုင်၌မူ ထိုင်းအာဏာ ပိုင်များမှ အဖမ်းအဆီးများနှင့်ပတ်သက်၍ မြန်မာအလုပ်သမားများအကြား အလွန်စိုးရိမ် ထိတ်လန့်မှုဖြစ်နေသည်ဟု မဟာချိုင်မြို့နေ မြန်မာ့ရွှေ့ပြောင်း အလုပ် သမားတစ်ဦးဖြစ်သူ ဦးတိုးက ပြောသည်။
“အလုပ်သမားတွေကို ဖမ်းနေတယ် ဆိုတဲ့သတင်းက အရမ်းဖောင်းပွနေတယ်။ ဒါပေမဲ့ တိတိကျကျဖမ်းဆီး တာမရှိသေး ဘူး။ ပစ်သတ်တာတို့ ဘာတို့ဆိုတာ ကောလာဟလ သတင်းတွေ။ အလုပ်သမားတွေ အတွက်ကတော့ တအားစိုး ရိမ် နေကြတာပေါ့။ အခု အလုပ်သမား အများစုက ဗီဇာ သက်တမ်းလေးနှစ် ကုန်နေကြတဲ့အချိန်၊ သက်တမ်းတိုးဖို့အတွက် ပွဲစားတွေ ကုမ္ပဏီ တွေကို စာအုပ်ပေးထားတဲ့အချိန်၊ ကြားကာလမှာတော့ ၀င်ဖမ်းတော့မလားဆိုပြီး စိုးရိမ်နေကြတယ်။ တချို့ဆိုရင် ကိုယ့်အခန်းမှာတောင်မနေဘဲ ရှောင်တိမ်းနေကြ တာလည်းရှိတယ်” ဦးတိုးက ပြောသည်။
ယခုကဲ့သို့ အထောက်အထားမဲ့ မြန်မာ အလုပ်သမားများအား ထိုင်းအာဏာပိုင် များမှ ပိုက်စိပ်တိုက် ဖမ်းနေသည့်ကာ လ၌ မြန်မာသံရုံးက အလုပ်သမားများ ၂၄ နာရီ ဆက်သွယ်နိုင်ရန် တယ်လီဖုန်းနံပါတ်နှင့် နေ့ည ၂၄ နာရီ တာဝန်ယူ စောင့်ကြည့်မည့် သူများအား သတ်မှတ်ထားပြီး ဖြစ်သည် ဟုဆိုသော်လည်း တကယ့်လက်တွေ့ ၌ ထိရောက်အောင် လုပ်ဆောင်ပေးခြင်း မရှိကြောင်း မြန်မာ့အလုပ်သမား အရေး လုပ်ဆောင်ပေးနေသည့် ထိုင်းရောက် မြန်မာနိုင်ငံသားများအဖွဲ့(MAT)၏ ဒါရိုက် တာ ဦးကျော်သောင်းက ပြောသည်။



