ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်းသို့ ထွက်ပြေး ရောက်ရှိလာသော လူသစ်များအား တရားဝင် ဒုက္ခသည်အဖြစ် အသိမှတ်ပြုလက်ခံရန် ထိုင်းဒေသအာဏာပိုင်များက တင်းကြပ်သော မူပေါ်လစီများနှင့် စစ်ဆေးမှုများ လုပ်ဆောင်လာကြောင်း စုံစမ်းသိရှိရသည်။
မြန်မာတိုင်းရင်းသား စစ်ပြေးဒုက္ခသည်များသည် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် လာရောက်ခိုလှုံလာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လာပြီ ဖြစ်သည့်အတွက် စခန်းအတွင်းရှိ ဒုက္ခသည်လူဦးရေများ တိုးပွားလာခြင်းကို ထိုင်းအာဏာပိုင်များက မလိုလားမှုကြောင့် ယင်းကဲ့သို့ ပြုလုပ်ရခြင်း ဖြစ်သည်ဟု ကရင်နီဒုက္ခသည် ပင်မကော်မီတီ (KnRC) က ပြောသည်။
“ဒုက္ခသည်စခန်းမှာ ဒုက္ခသည်တွေ ထပ်မံပြီးတော့ တိုးပွားလာဖို့ ဆိုတဲ့ဟာကို သူတို့ ထိန်းချုပ်တာ၊ သူတို့ခေါ်တာက temporary displace people တွေကို control လုပ်တဲ့ အနေနဲ့ သူတို့ ထိန်းချုပ်တာ၊ လက်ရှိ ဒုက္ခသည်စခန်းမှာ ဒုက္ခသည်တွေကို ပိုပြီးတော့ အရေအတွက် များလာမှာကို သူတို့က မလိုလားဘူး။ အဲဒါကြောင့် ဒီဒုက္ခသည် လူဦးရေကို သူတို့က ထိန်းချုပ်တာ၊” ဟု (KnRC) ဥက္ကဌ ကိုလင်းမောင်က ပြောသည်။
အဓိက လူသစ်များအား ဒုက္ခသည်အဖြစ် လက်ခံရန် စစ်ဆေးမှုများ ပြုလုပ်သော ထိုင်း အာဏာပိုင် အဖွဲ့အစည်းများမှာ ထိုင်းစစ်တပ်နှင့် ထိုင်းပြည်ထဲရေး (MOI) အဖွဲ့တို့ဖြစ်ပြီး UNHCR နှင့် ကရင်နီဒုက္ခသည် ပင်မကော်မီတီနှင့် သက်ဆိုင်ပတ်သက်မှု မရှိကြောင်း ဆိုသည်။
၎င်းတို့သည် ပြည်တွင်းက ရောက်ရှိလာသော လူသစ်များကို လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းနှင့် စစ်အစိုးရတပ် တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်အစိုးရတပ်တို့၏ ဖိနှိပ်ညှင်းပန်းမှုများနှင့် ပြည်တွင်းစစ်ကြောင့် အမှန်တကယ် ထွက်ပြေးရောက်ရှိလားခြင်းရှိ၊ မရှိကို စီစစ်သွားခြင်းဖြစ် သည်။
လူသစ်များကို တရားဝင် ဒုက္ခသည်အဖြစ် လက်ခံရာတွင် ထိုင်းအာဏာပိုင်များမှ စစ်ဆေးမှု ပြုလုပ်သည့် အချိန်တွင် ၎င်းတို့၏ ဖြေဆိုမှု၊ ဖြေကြားသည့် အချက်အလက်များအပေါ် မူတည်နေသည်ဟု ကိုလင်းမောင်က ယခုလို ဆက်လက်ပြောကြားသွားပါသည်။
၎င်းက “ဒုက္ခသည်အဖြစ် လက်ခံမယ်၊ မလက်ခံဘူး ဆိုတာကတော့ ထိုင်းအာဏာပိုင် ကနေပြီး တော့ new arrival တွေ စစ်ဆေးမှု လုပ်တဲ့ အချိန်ကျမှ အဲဒါ သူတို့ အင်တာဗျူး ဝင်ကြရမယ်၊ အဲဒီမှာ သူရဲ့ လျှောက်လဲချက်ပေါ့၊ သူ့ရဲ့ ထွက်ဆိုချက်တွေ ကောင်းတယ်၊ ထိုင်းစစ်တပ်ကလည်း ဟုတ်တယ်၊ ထောက်ခံချက်တွေ ပေးတယ််ဆိုရင် ဒီလူတွေက ဒုက္ခသည်အဖြစ် အသိမှတ်ပြုခြင်း ခံရရင် ခံရမှာ ဖြစ်တယ်၊ အကြောင်းပြချက် မခိုင်လှုံတဲ့ သူတွေကြတော့ ဒုက္ခသည်အဖြစ် အသိမှတ်ပြုခြင်း ခံရမှာ မဟုတ်တဲ့အပြင် ပြန်ပို့ခြင်း ခံရမယ်” ဟု ပြောသည်။
ယင်းထိုင်းမူပေါ်လစီကို အောင်မြင်ကျော်ဖြတ်မှသာလျှင် ဒုက္ခသည်စခန်းတွင် တရားဝင်သော ဒုက္ခသည်အဖြစ် လက်ခံနေထိုင်ခွင့်ပြုသွားမည်ဖြစ်ပြီး ထိုင်းအာဏာပိုင်များ၏ အားမခံချက်၊ ထောက်ခံချက် မရရှိဘဲ နေထိုင်သော လူသစ်များကို တရားမဝင် နေထိုင်သူအဖြစ် အဓိပ္ပါယ် ဖွင့်ဆိုပါသည်။
ပြီးခဲ့သည့် လမှစ၍ ပြည်တွင်းမှ လူဦးရေ (၁ဝ၁၃) ဦး ထွက်ပြေးရောက်ရှိလာပြီး ထိုအထဲတွင် (၁၃) ဦးအား ထိုင်းအာဏာပိုင်များက တရားဝင်နေထိုင်ခွင့် ရှိသူအဖြစ် အသိမှတ်ပြု လက်မှတ်များ ရရှိသူနှင့်၊ လက်မှတ်မရရှိသည့်အပြင် တရားမဝင် နေထိုင်သူအဖြစ်လည်း သတ်မှတ်ခြင်း မခံရသော သူ (၁၆၈) ဦး ရှိပြီး လက်မှတ်ရရှိပြီး တရားမဝင်သေးသော သူများလည်း ရှိနေသည်ဟု သိရသည်။
ပြည်တွင်းမှ ရောက်ရှိလာသော လူသစ်များကို ဒုက္ခသည်အဖြစ် လက်ခံရန် စစ်ဆေးမှုများကို လွန်ခဲ့သည့် (၂ဝဝ၅) မတ်လတွင် စတင်လုပ်ကိုင်ပြီး (၂ဝဝ၆) ခုနှစ်တွင်မှာတော့ ထိုင်း ဒေသ အာဏာပိုင်များ၏ ထောက်ခံချက်၊ အားမခံချက် မပါဘဲ ကရင်နီဒုက္ခသည်စခန်းအတွင်း၌ တရားမဝင် နေထိုင်သူ (၁၃) ဦးကို အချုပ်ထဲ၌ ဖမ်းချုပ်ထားခြင်းနှင့် နယ်စပ်သို့ ပြန်ပို့ခြင်းခံ ရပါသည်။



