အစိုးရရဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အယုံအကြည်မဲ့ခံရမှု

အစိုးရရဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အယုံအကြည်မဲ့ခံရမှု
by -
မဇ္စျိမ

မြန်မာတစ်နိုင်ငံလုံး ဇွန်လ ၈ ရက်နောက်ပိုင်းမှ စတင်ကာအချိန်ပိုင်းဖြင့်သာ လျှပ်စစ်ဓာတ်အားပေးနိုင် တော့မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်က ဇွန်လ ၄ ရက်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အမှန်တကယ်တော့လည်း ယခုလို မိမိတို့ပြည်သူများ လျှပ်စစ်ဓာတ်အား ခွဲတမ်းဖြင့် သုံးစွဲရတော့မည်ဟူသော သတင်းမှာ ဆန်းတော့ မဆန်းလှပါ။ လွန်ခဲ့သည့် စစ်အစိုးရ လက်ထက်တစ်လျှောက်လုံး လျှပ်စစ်ဓာတ်အား အခက်အခဲကြောင့် မိမိတို့ပြည်သူများ လျှပ်စစ်ဓာတ်ကို ခွဲတမ်းဖြင့် သုံးစွဲခဲ့ကြရပြီး ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ် အား ဖူလုံစွာမရရှိလို့ ပြည်သူတွေ မခံမရပ်နိုင်ဖြစ်ပြီး လမ်းပေါ်ထွက် ဆန္ဒပြရသည်အထိ ရှိခဲ့ပါတယ်။

ယခုလည်း မိမိတို့ပြည်သူများ လျှပ်စစ်ဓာတ်အားကို အချိန်ပိုင်းခွဲတမ်းသဘောဖြင့် သုံးစွဲကြရဦးမည့်ဒုက္ခ ကြံုကြရပြန်ပါပြီ။ လျှပ်စစ်ဓာတ်အား အခုလို ချွေတာသုံးစွဲဖို့ ဖြစ်လာရခြင်းမှာ ရွှေလီမြစ်နှင့် ဒုဋ္ဌဝတီမြစ်ရေ နည်းပါးလာသည့်အတွက် ယင်းမြစ်နှစ်စင်း ရေအားဖြင့် ထုတ်လုပ်သည့် လျှပ်စစ်ဓာတ် အားထုတ်လုပ်မှု သည်လည်း ကျဆင်းသဖြင့် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ခွဲတမ်းဖြင့် သုံးစွဲကြရတော့မည့် အနေအထားပင် ဖြစ်ပါတယ်။ ဒီလိုအခြေအနေအတွင်း နောက်ထပ်ကြားရသည့် သတင်းကလည်း မိမိတို့ပြည်သူများအဖို့ ပိုမိုစိတ်မချမ်းမြေ့စရာ ဖြစ်ရပြန်ပါတယ်။ သံလွင်မြစ်ရေကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချမည့် သတင်းပါပဲ။ ရေမလုံလောက်လို့ ရေအားဖြင့် ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို ခွဲတမ်းဖြင့် သုံးစွဲနေကြရသည့်ကြားထဲ ရှိတဲ့ရေကို ထုတ်ရောင်းဖို့ စိတ်ကူးခဲ့ကြသော တိုင်းပြည်တာဝန်ရှိသူများအပေါ် မိမိတို့ပြည်သူများက နားလည်ရန် ခက်ခဲလှပါတယ်။ ပိုပြီးစိတ်မချမ်းရသည့်သတင်းမှာ ယင်းကဲ့သို့ ထိုင်းသို့ ပို့လွှတ် ရောင်းချမည့် ရေတွန်းအားပမာဏမှာ လျှပ်စစ်ဓာတ်ထုတ်လုပ်လို့ရသည့် ရေတွန်းအားဖြစ်သဖြင့် ထိုင်းတို့သည် မိမိတို့ထံမှ ရေကိုသာမက လျှပ်စစ်ဓာတ်အားကိုပါ အမြတ်ထုတ်ယူလို့ရသွားမည့် သဘောပဲဖြစ်ပါတယ်။

ဒီကြားထဲ ပြည်သူတို့ ကြံုတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး တာဝန်ရှိသူများရဲ့ ပြောစကားများ ကလည်း ပြည်သူတို့ ကျောပေါ်ထပ်မံပြီး ကြိမ်နှင့် ရိုက်သလို ဖြစ်ရပြန်ပါတယ်။ လျှပ်စစ်ဓာတ်အားမရှိရင် ဖယောင်းတိုင်ထွန်း ရတာပဲဆိုသည့် စကားမျိုး၊ ပိုလျှံလို့ ရောင်းစားတာ ဘာဖြစ်သလဲဟူသည့် စကားများမှာ ပြည်သူတို့အဖို့ နားထဲသို့ ဆီပူရည်လောင်းသလို ခံစားနာကျင်စေရပြန်ပါတယ်။ နောက်ဆုံး ထွက်ရှိလာသည့် အကျိုးဆက်မှာ အစိုးရရဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ပြည်သူတို့က အယုံအကြည်မဲ့လာရတဲ့ အကျိုးဆက်ပဲ ဖြစ်ပါတယ်။

မည်သည့်တိုင်းပြည်မှာမဆို အစိုးရရဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ပြည်သူတို့က ယုံကြည်မှုရှိမှသာ ယင်းဝန်ဆောင်မှုလုပ်ငန်းများ အောင်မြင်နိုင်ပါတယ်။ ထို့ပြင် ပြည်သူတို့က လက်ခံပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နို်င်မှာပါ။ အခုလို မိမိတို့ပြည်သူများက အစိုးရရဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအပေါ် အယုံအကြည်မဲ့လာနေခြင်းဟာ ကောင်းတဲ့လက္ခဏာမဟုတ်ဘဲ တိုင်းပြည်ပိုမို ဆုတ်ယုတ်စေမယ့် လက္ခဏာများပဲ ဖြစ်ပါတယ်။

မည်သို့သော အခြေအနေမျိုးပင်ဖြစ်ပစေ မည်သည့်အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဖြစ်ပါစေ တိုင်းပြည်တာ ၀န်ရှိသူများသည် ပွင့်လင်းမြင်သာမှုကို အခြေခံကာ ပြည်သူတို့ ပူးပေါင်းပါ၀င်ဆောင်ရွက်လာစေနိုင်သည့် နည်းလမ်းများကိုသာ ရွေးချယ်ရမှာပါ။ တိုင်းပြည်နှင့် ပြည်သူတို့အပေါ် ရင်ဝယ်သားလိုသဘောထား လေးစားချစ်ခင်ကျိုးနွံသည့် အပြုအမူအပြောအဆိုနှင့် လုပ်ကိုင်မှုများသာဖြစ်ရမှာပါ။ တိုင်းပြည်အပေါ် လေးနက်မှုလည်း မရှိ၊ ပြည်သူလူထုအပေါ်ကျိုးနွံခြင်းလည်း မရှိသည့် အလုပ်အကိုင် အပြုအမူ အပြောအဆို များဖြင့်သာ ဆက်လက်လုပ်ဆောင်နေပါက နောင်မကြာတော့သော ကာလတွင် တိုင်းပြည်နှင့်လူမျိုး ထိခိုက်နစ်နာစေသည့် အကျိုးသက်ရောက်မှုများ မလွဲမသွေ ရင်ဆိုင်ရမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Most read this week