ကယား(ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ် ထီးပေါ်ဆို ကျေးရွာအုပ်စုရှိ ဆိုလျားကူး ကျေးရွာ တောင်သူများက တပ်သိမ်းယူထားသော မိမိတို့ ယာမြေများပေါ်တွင် ထွန်တုံးတိုက်ပွဲ ဆင်နွဲရန် မေလ ၂၀ ရက်နေ့တွင် စီစဉ်ခဲ့သော်လည်း အစီအစဉ်ကို ရွှေ့ဆိုင်း လိုက်ကြောင်း သတင်းရရှိသည်။
“လက်ရှိအခြေအနေ ရပ်ဆိုင်းသွားတယ်။ ဘာကြောင့်လဲဆိုမနေ့ည (မေလ ၁၉ ရက် ည) အစည်းအဝေးအရ ရဲတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ နောက်ပြီးတော့ တရားဥပဒေကအစ ခေါ်တွေ့ခါကျတော့ သူတို့ပြောချက်အရ စောင့်ပေးပါတဲ့။ အခြေအနေတစ်ခုတော့ ကျနော်တို့ စောင့်မယ်လေ။ ဒီရက်မဖြစ်ရင်လည်း အနည်းဆုံးတော့ ဒီတစ်ပတ်တော့ လုပ်ဖြစ်အောင် လုပ်ရမှာပဲ” ဟု ဆိုလျားကူး ရွာသားဖြစ်သူ ခူးတူရယ်က ပြောသည်။
ပြီးခဲ့သည့် မေလ (၂၀) ရက်နေ့တွင် ဆိုလျားကူး တောင်သူများမှ ထွန်းတုံးတိုက်ပွဲလုပ်ဖို့ စီစဉ်ထားခဲ့ သော်လည်း (၁၉) ရက် ညနေခင်းပိုင်းတွင် သက်ဆိုုင်ရာအသီးသီးမှ ၄င်းတို့၏ ကျေးရွာဥက္ကဌ၊ အတွင်းရေးမှူး နှင့် ရပ်ရွာ ရပ်မိရပ်ဖများကို ခေါ်ယူတွေ့ဆုံပြီးနောက် ယခုလို ရွှေ့ဆိုင်းလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။
တွေ့ဆုံစဉ်တွင် ထွန်တုံးတိုက်ပွဲကို ဆိုလျားကူး တောင်သူများဖက်မှ အချိန်အတိုင်းအတာ တခုအထိ စောင့်ဆိုင်းပေးရေး သဘောတူပေးခဲ့ပြီး ပြည်နယ်အစိုးရကိုယ်တိုင် ကွင်းဆင်းလေ့လာပေးရန်၊ ခြံခတ်ထားသော စည်းရိုးများကို တပ်ပိုင်အဖြစ် အသိအမှတ်မပြုရန်နှင့် ယခုနှစ်အတွင်း ၄င်းပြသာနာကို မဖြေရှင်းပေးနိုင်ပါက ထွန်ယက်မှုများ ဆက်လက်ပြုသွားမည်ဖြစ်ကြောင်း ရွာသားများက တောင်းဆိုထားသည်ဟု သိရသည်။
တောင်းဆိုထားသောအချက်များကို အချိန်တိုအတွင်း အကောင်အထည် လုပ်ဆောင်ပေးခြင်းမရှိပါက တောင်သူများအနေဖြင့် ထွန်တုံးတိုက်ပွဲကို ဆက်လက် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
“ထွန်ဖို့ ထယ်ဖို့ အချိန်လည်းရောက်နေပြီ။ ဒီတစ်နှစ် စားဝတ်နေရေးဖူလုံဖို့ ကျနော်တို့ လုပ်မှ ရတော့မယ်။ ကျနော်တို့ မလုပ်မဖြစ်တဲ့ အခြေအနေရောက်နေပြီ။ ဒါကြောင့်မလို့ ဒီနှစ်တော့ မဖြစ်မနေလုပ်ရမှာပဲ။ ဘယ်လိုနည်းနဲ့ တားတား၊ ဘယ်လိုဥပဒေနဲ့ပဲတားတား ကျနော်တို့ လုပ်ကိုလုပ်ရမှာပဲ။ ဘာဖြစ်လဲသူတို့ သိမ်းထားတဲ့ မြေကွက်အပေါ်မှာ ဘာအဆောက်အဦးမှ မရှိဘူး။ ဘာစီမံကိန်းဆို ကျနော်တို့ မသိရဘူး။ ဘာ (Plan) ရှိလည်းဆိုကျနော်တို့ မသိရဘူး။ ကျနော်တို့ ၀မ်းစာ ဖူလုံဖို့အတွက် ကျနော်တို့ လုပ်ရမှာပဲ”ဟု ခူးတူရယ်ကပြောသည်။
အဆိုပါ ဆိုလျားကူးကျေးရွာ တောင်သူများပိုင်ဆိုင်သော ယာမြေ ဧက ၁၃၀၀ ကို ခမရ ၅၃၁ တပ်မှ ၁၉၉၃ ခုနှစ် က သိမ်းယူထားခဲ့ခြင်းဖြစ်ကြောင်း တောင်သူများ အဆိုအရ သိရသည်။
၄င်း တပ်သိမ်းမြေများကို ဆက်လက်လုပ်ကိုင်လိုပါက သီးစားလုပ်ကိုင်ခွင့် လက်မှတ်ထိုးရမည်ဟု တပ်မှ အမိန့်ထုတ်ပြန်မှု ရှိခဲ့ကြောင်း သိရသည်။ သို့သော်လည်း ရွာသူ၊ ရွာသားများအနေဖြင့် ၄င်းလက်မှတ်ကို မထိုးနိုင်ကြောင်းဆိုသည်။
“ကျနော်တို့ကတော့ လက်မှတ်တော့ မထိုးနိုင်ဘူး။ ဒါပေမယ့် ဒီမြေတွေကတော့ ဘိုးဘွားမြေ၊ လုပ်လာတာက နှစ်ပေါင်းများစွာရှိနေပြီ။ နောက် ဒီမြေကလည်းကျနော်တို့ စွန့်လွတ်ဖို့ ကျနော်တို့က မစွန့်လွတ်နိုင်တော့ဘူးပေ့ါ။ … အခက်အခဲတော့ အမျိုးမျိုးပဲ ။ ပညာရေး၊ ကျန်းမာရေး အကုန်လုံုး အခက်အခဲ ဖြစ်သွားတယ်” ဟု ဆိုလျားကူးတောင်သူ ဦးရှားရယ် ပြောပါသည်။
ဆိုလျားကူး တောင်သူများ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာခဲ့သည့်ယာမြေများကို ခမရ (၅၃၁) မှ တပ်မြေအဖြစ် သိမ်းယူထားပြီးသည့် အချိန်မှစ၍ ၄င်းမြေများတွင် လုပ်ကိုင်လိုသူများသည် နှစ်စဉ် ဧကအလိုက် တပ်သို့ အခွန်ပေးဆောင်နေရကြောင်း ၄င်းက ဆက်ပြောသည်။
“အခွန်တော့ မဆောင်ရတာ ပြီးခဲ့တဲ့ နှစ် ပဲ။ (၄၀၀၀) တပ်ကိုပေးရတယ်” ဟုဆိုသည်။
သိမ်းယူထားခံခဲ့ရသော ၄င်းမြေသည် ဧကပေါင်း (၁၃၀၀) ကျော်ရှိပြီး ၎င်းမြေနေရာတွင် ပြောင်းဖူး၊ ပြောင်းကောက်၊ စပါး၊ မြေပဲအစရှိသည့် သီးနှံများကိုအဓိက စိုက်ပျိုးလေ့ရှိကြောင်း သိရပါသည်။



