ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့အတွင်းတွင် ပြည်သူ/သားများ၏ တောင်းဆိုချက် အရကုန်တင်ကား ကြီးများ ကုန်တင်ကုန်ချမပြုလုပ်ရန် အစိုးရမှ တားမြစ်ထားကြောင်း ပြည်နယ် ဆက်သွယ်ရေးဝန်ကြီးဦးချစ်လှ က ပြောသည်။
ထိုသို့ မြို့တွင်း ဖြတ်ဝင်သည့်အတွက် ရပ်ကွက်အတွင်း လမ်းတံတားများ ပျက်စီးကျိုးပဲ့ကာ လူထုဘက်မှ တိုင်ကြားစာများ ရောက်ရှိလာသောကြောင့်် သက်ဆိုင်ရာ အစိုးရများမှ မြို့တွင်း ဖြတ်သန်းခွင့်ကို ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး လိုက်နာခြင်းမရှိပါက ယာဉ်စည်းကမ်းထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီ၏ ကြေငြာချက် ၃/၂၀၁၂ ပါအတိုင်း အရေးယူခြင်း ခံရမည်ဟု အစိုးရက ထုတ်ပြန်ထားခြင်း ဖြစ်သည်။
“ရပ်ကွက် လူထုတွေလည်း အော်လာတယ်။ တိုင်စာတွေရောက်လာတယ်။ အေ ယာဉ်ကြီးကားတွေ ဝင်ခြင်းအားဖြင့် ကျွန်တော်တို့လမ်းတွေ ပျက်စီးကုန်ပြီ တံတားတွေ ကျိုးပြီ ရေပိုက်တွေပေါက်ကုန်ပြီ။ နောက် ဘိလပ်မြေေတွေကို အချိန်မရှိ အခါမရှိ တင်ချလို့ အမှုန်အမွှားတွေ ဘေးပတ်ဝန်းကျင်ကို ထိခိုက်တယ်။ ဒါလဲ တိုင်ကြားချက်တွေ ရောက်လာတယ်” ဟု ဝန်ကြီးဦးချစ်လှက ပြောသည်။
ယာဉ်စည်းကမ်း ထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီ၏ ထုတ်ပြန်ကြေငှာချက်သည် ၂၀၁၂ ခုနှစ်ကပင် ဖြစ်သော်လည်း ယခု ၂၀၁၄ ခုနှစ် မေလ လဆန်းပိုင်း၌ ၎င်းထုတ်ပြန်ကြေငြာချက်ကို စတင် အကောင် အထည်ဖော် ဆောင်ရွက်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယခုလို ထုတ်ပြန်လိုက်သည့်အတွက် ယာဉ်ကြီးများအနေဖြင့် စက်မှုရပ်ကွက်တွင် ကုန်တင်ယာဉ် ရပ်နားစခန်းမှ ပြီးစီးသေးသည့်အတွက် ကားသမားများ နားနေဆောင် အခက်အခဲရှိကြောင်း၊ အလုပ်သမားခနှင့် ကုန်တွေကို ယာဉ်ငယ်များမှတဆင့် တင်ရသဖြင့် ကုန်စျေးနှုန်းများ မြင့်တက်လာကြောင်း နှင့် ဝန်များခံနိုင်ရည်ရှိသည့် မိန်းလမ်းများ၊ လမ်းရှောင်များ မရှိသည့်အတွက်လည်း အခက်အခဲရှိဖြစ်နေရကြောင်း ယာဉ်ကြီးအသင်း အတွင်းရေးမှုး ဦးတင်ဝင်း ကပြောသည်။
အများပြည်သူအတွက်လည်း အနှောက်အယှက်မဖြစ်စေရန် ယာဉ်ကြီးများအတွက်လည်း အဆင်ပြေစေရန် အတွက် နည်းလမ်းကို ညှိနှိုင်းတင်ပြ ဆွေးနွေးနိုင်ရန် ယာဉ်ကြီးအသင်းများကလည်း အစိုးရထံတင်ပြတောင်း ဆို ထားသည်ဟုလည်း ဦးတင်ဝင်းက ပြောသည်။
“အားလုံးအဆင်ပြေမယ့် နည်းလမ်းလေးတခု လုပ်သာကိုင်သာရှိမယ့် အခြေအနေလေးတစ်ခု ဖန်တီးပေးဖို့ တင်ပြထားတာပါ” ဟု ပြောသည်။
လက်ရှိ လွိုင်ကော်မြို့လမ်းစံချိန်စံညွန်းသည် ၃ တန်ယာဉ်များသာ သွားလာနိုင်သည့် အခြေအနေတွင်သာရှိပြီး ကုန်တင်ကားကြီးများကို ပိတ်ထားသော်လည်း ၃ တန်အထက်ရှိသည့် ယာဉ်များ၊ လူစီးမှန်လုံကားများ သွားလာနေမှုများ ရှိနေသည်ဟု သိရသည်။
ကြေငြာချက် ၃/၂၀၁၂ ပါအရ ကျူးလွန်ပါက စီမံခန့်ခွဲမှုဒါဏ်ငွေ ၅၀၀၀၀ (ငါးသောင်း)နှင့် တရားရုံး ဒါဏ်ငွေရိုက်ခြင်း၊ ယာဉ်ကို ငါးရက်တိတိ သော့ပိတ်ပြီး သိမ်းဆည်းထားခြင်းများ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ချို့ယွင်းချက်အနေဖြင့် မဖြစ်မနေ တခြားသော လောပိတ၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့သို့ ကုန်တင်ကုန်ချရန် ဖြတ်သန်းသွားလာလိုပါက သက်ဆိုင်ရာ ဌာန၏ ထောက်ခံချက်၊ ယာဉ်ကြီးအသင်း တာဝန်ရှိသူ၏ ခွင့်ပြုချက်ယူပြီး ဖြတ်သန်းသွားလာ ခွင့်ပြုထားကြောင်း၊ လမ်းရှောင်အတွက်လည်း ဖောက်လုပ်ရန် အစီအစဉ်ရှိကြောင်း ဝန်ကြီးဦးချစ်လှက ပြောသည်။



