တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ရေးဆွဲရာတွင် စာချုပ်အတွင်း ကြိုတင်ချည်နှောင်သည့် စကားလုံးများကို နှစ်ဖက်လုံး မသုံးသင့်ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ပြန်ကြားရေးတာဝန်ခံ ကိုဂျင်မီက ပြောသည်။
“ဒီအချိန်မှာ ကြိုတင်ချည်နှောင်တဲ့ စကားလုံး အသုံးအနှုန်းတွေကို နှစ်ဘက်စလုံးက ရှောင်ကျဉ်သင့်တယ်။ ဒီစကားလုံးတွေက ပြဿနာ ဖြစ်လာနိုင်တယ်” ဟု ကိုဂျင်မီက ပြောသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ရေးဆွဲရန် စကားလုံး အသုံးအနှုန်း ညှိနှိုင်းရာတွင် အဆင်မပြေမှုများ ရှိသည့်အတွက် စာချုပ်အတွင်းပါ၀င်သည့် အချက် ၄၅ ချက်ကို ချန်လပ်ခဲ့ရခြင်းကို ရည်ရွယ်ပြီး ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။
သမ္မတကြီး ဦးသိန်းစိန်က ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စုဟု သုံးနှုန်းခဲ့ပြီး တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များက အခြေခံသောဟူသော စကားရပ်မှာ မည်သည့် အဓိပ္ပါယ်ဆောင်မည်ကို မမှန်းဆလိုသော ကြောင့် ဖက်ဒရယ်ပြည်ထောင်စုဟုသာ သုံးနှုန်းရေးဆွဲလိုကြောင်း စသည်တို့ ညှိနှိုင်းနေရကြောင်း ၄င်းက ဆိုသည်။
လတ်တလော ရေးဆွဲနေသည့် အပစ်ရပ်စာချုပ်မှ အချက်လက်များ ညှိနှိုင်းရာတွင် စိုးရိမ်စရာကိစ္စရပ်များ ရှိသည်ဟုဆိုကာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ UPWC သို့ စာပို့ခဲ့ပြီး ယခုလဆန်း၌ ထိုအဖွဲ့များနှင့် ၈၈အဖွဲ့က တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
အချက် ၁၂၂ ခု မှ ရ၇ချက်အား နှစ်ဖက်သဘောတူခဲ့သော်လည်း တပ်မတော််မှ ဆွေးနွေးလာသည့် တပ်မူ ၆ ချက်ထဲမှ တည်ဆဲဥပဒေများအား လိုက်နာရမည့်အချက်နှင့် ၂၀၀၈ဖွဲ့စည်းပုံ၌ ဖော်ပြထားသည့် ဥပဒေနှင့် အညီ ဖွဲ့စည်းပုံပြင်ဆင်ရမည် ဟုဆိုသည့်အချက်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့မျာက လက်မခံနိုင်ကြောင်း တညီတညွတ်ထဲပြောဆို ထားသည်။
ထို့ပြင် စာချုပ်ဆွေးနွေးရာ၌ နှစ်ဖက်မသိရှိသည့် အချက်များလည်း ရှိနေသည့်အတွက် UNFC နှင့် UPWC တို့ဖြင့် လစဉ်တွေ့ဆုံ၍ သတင်းအချက်အလက် ဖလှယ်ပေးကာ အပစ်ရပ်စာချုပ်ကို မြန်ဆန်စွာ လက်မှတ်ရေးထိုးနိုင်ရန် ၈၈အဖွဲ့အစည်းက ကူညီဆောင်ရွက်သွားဖြစ်ကြောင်း သိရှိရသည်။
မေလလယ်ခန့်တွင် တွေ့ဆုံမည့် အပစ်ရပ် စာချုပ်ညှိနှိုင်းရာတွင်လည်း “သူတို့ဘက်က လာပါဆိုရင် ကျွန်တော်တို့ဘက်က သွားမှာပါ၊ အခုထိတော့ မခေါ်သေးပါဘူး” ဟု ကိုဂျင်မီက ဆိုသည်။
တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT နှင့် UPWC တို့ ဧပြီလ ၅ ရက်မှ ၈ ရက်နေ့အထိ မြန်မာနိုင်ငံငြိမ်ချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန - MPC တွင် ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး မေလ ၂၁ ရက်တို့တွင် ထပ်မံတွေ့ဆုံကာ အပစ်ရပ်စာချုပ်ကို ဆက်လက် ဆွေးနွေးမည်ဖြစ်သည်။



