CNACC မှ သန်းခေါင်စာရင်း သုံးသပ်ချက် ထုတ်ပြန်မည်

CNACC မှ သန်းခေါင်စာရင်း သုံးသပ်ချက် ထုတ်ပြန်မည်
by -
Chin World

မကြာသေးခင်က ကောက်ယူပြီးစီးခဲ့သော လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၁၄ ချင်းအမျိုးသားဆိုင်ရာ အထောက်အကူပြု ကော်မတီ CNACC အနေဖြင့် စာရင်းကောက်ယူမှုအပေါ် သုံးသပ်ချက်များကို လာမည့်မေလ ၄ရက်နေ့တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းကော်မတီမှ သိရသည်။

အဆိုပါ သန်းခေါင်စာရင်း ကောက်ယူချိန်တွင် မြို့နယ်အလိုက် စောင့်ကြည့်ရေးအဖွဲ့များ ထားရှိပြီး တွေ့ရှိချက် များကို စာတမ်းပြုစုကာ ထိုစာတမ်းများကို ၎င်းကော်မတီသို့ တင်ပြချက်များပေါ်မူတည်၍ သုံးသက်ချက်များ
ထုတ်ပြန်မည်ဟု ချင်းအမျိုးသားအထောက်အကူပြုကော် မတီမှ ညှိနှိုင်းရေးမှူး ကျဲအိုဘိခ်ထောင်းက ပြောသည်။

“ စောင့်ကြည့်ရေးအဖွဲ့တွေက သူတို့ရဲ့လေ့လာတွေ့ရှိချက်တွေကို ပို့လာကြတယ်။ တစ်ချို့မြို့နယ်တွေက မပို့သေးဘူးဗျ။ ဒါတွေကို အကုန်ခြံုငုံပြီးတော့ ကဏ္ဍအလိုက်ခွဲပြီးလေ့လာကြမယ်။ အဲတာပြီးမှပဲ ကျွန်တော်တို့ ကော်မတီအနေနဲ့ တွေ့ရှိချက်၊ သုံးသပ်ချက်တွေကို သတ်မှတ်တဲ့ရက်မှာပဲ ထုတ်ပြန်သွားမယ်” ဟု ၎င်းက ဆက်ပြောသည်။

ချင်းပြည်နယ်သည် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုကို သတ်မှတ်ရက်ကာ လအတွင်း အောင်မြင်စွာပြီးစီးပြီးဖြစ်ရာ အိမ်ထောင်စုစာရင်းမှာ ၈၃၆၂၁ စုဖြစ်ကြောင်း အစိုးရက ဧပြီလ ၂၂ရက်နေ့ နိုင်ငံပိုင်ရုပ်သံသတင်းမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

၂၀၁၄ ချင်းအမျိုးသားဆိုင်ရာအထောက်အကူပြုကော်မတီသည် လွန်ခဲ့သောမတ်လ ၁၈၊ ၂၃၊ ၂၄ ရက်နေ့၌ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်ရှိ မြေပုံ၊ မင်းပြား၊ အမ်း၊
တောင်ကုတ်စသည့်မြို့နယ် တို့တွင်လည်း လူထုတွေ့ဆုံပွဲများ ပြုလုပ်ခဲ့ခြင်း၊ ထို့အပြင် စောင့်ကြည့်ရေး ကော်မတီဖွဲ့ထားပြီး ချင်းပြည်နယ်နှင့် တစ်ချို့သောဒေသများတွင် တစ်မြို့နယ်၌ (၃) ဦးမှ (၅)ဦး အထိ စောင့်ကြည့်ရေးအဖွဲ့ဖွဲ့ထားခဲ့ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

၂၀၁၄ သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသားအထောက်အကူပြုကော်မတီ(CNACC)သည် ချင်းလူမျိုးများ၏
အမျိုးသားအကျိုးစီပွားနစ်နာဆုံးမှု နည်းနိုင်သမျှနည်းအောင် ကာကွယ်နိုင်ရန်အလို့ငှာ ချင်းနိုင်ငံရေးပါတီများ၊
ချင်းလူမှုရေးအသင်းအဖွဲ့များနှင့် ချင်းတတ်သိပညာရှင်များအပါအဝင် အဖွဲ့ဝင် (၂၁)ဦးဖြင့် ၂၀၁၄ခုနှစ် ဇန်နဝါရီလ(၂၁)ရက်နေ့တွင် ရန်ကုန်မြို့၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Most read this week