ကချင်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ခံခြင်းကို ၈ ပတ် ထပ်တိုး

ကချင်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ခံခြင်းကို ၈ ပတ် ထပ်တိုး
by -
အမွန်း

ကချင်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ရန် ကျန်သည့် ဒေသများတွင် ထပ်မံကောက်နိုင်ရန် ဗဟိုသန်းခေါင်စာရင်းကော်မတီမှ ၈ ပတ်တိုးကာ ကောက်ယူသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ သိရသည်။

ကချင် တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် မကောက်ယူနိုင်သေးသော ကျေးရွာများမှာ အစိုးရနှင့် ကေအိုင်အိုထိန်းချူပ်နယ်မြေတို့ ထိစပ်နေသည့် ကျေးရွာများဖြစ်ပြီး စုစုပေါင်း ကျေးရွာ ၃၀၀ ကျော် ရှိကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာမှ အရာရှိတစ်ဦးက “ကချင်ပြည်နယ်မှာကောက်ဖို့ ကျန်တဲ့ ရွာတွေကို ၆ ပတ်ကနေ  ၈ပတ် အတွင်းမှာဆက်ပြီးကောက်ဖို့ ရုံးချုပ်ကနေညွှန်ကြားထားပါတယ်’’ ဟု ပြောသည်။

သန်းခေါင်စာရင်းကောက်ရန် ကျန်နေသေးသည့် နေရာများတွင် လုံခြံုရေးယူကာကောက်ခံသွားရန် ဗဟိုသန်းခေါင်စာရင်းကော်မတီမှ ညွှန်ကြားထားကြောင်းလည်း သိရသည်။

ကေအိုင်အိုထိန်းချုပ်နယ်မြေများတွင် သန်းခေါင်းစာရင်းကောက်ယူနိုင်ရန်အတွက် နယ်မြေအေးချမ်းမှု မရှိကြောင်း၊ အချို့ နေရာများတွင် အစိုးရစစ်တပ်နှင့် ကေအိုင်အေတို့ တိုက်ပွဲ ဖြစ်နေသည့်အတွက် သန်းခေါင် စာရင်းကောက်ယူနိုင်ဖို့ မဖြစ်နိုင်ကြောင်း ကေအိုင်အေမှ အမည်မဖော်လိုသူ ဗိုလ်မှူးကြီးတစ်ဦးက ပြောသည်။

သန်းခေါင်စာရင်းကောက်ခံချိန်တွင် လုံခြံုရေးကိုအကြောင်းပြု၍ အစိုးရစစ်တပ်မှ မိုးမောက်မြို့နယ်၊ ရှမ်းပြည်နယ် မြောက်ပို်င်းနှင့် မန်ဝိန်းကြီး ဒေသများတွင် ဧပြီ ၁၀ ရက်နေ့မှ စတင်ပြီးထိုးစစ်ဆင်
တိုက်ခိုက်မှု ရှိနေသည်။

အဆိုပါ တိုက်ပွဲများကြောင့် ဒုက္ခသည် အနည်းဆုံး ၅၀၀၀ ကျော်သည် တရုတ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေရ ကြောင်း ဒုက္ခသည် များကူညီသူများ ပြောသည်။

လက်ရှိတွင် မြစ်ကြီးနားခရိုင်၌ အိမ်ထောင်စု စုစုပေါင်း ၄၆၀၀၀ ကျော်နှင့် လူဦးရေစုစုပေါင်း နှစ်သိန်းခုနှစ် သောင်း ကျော်ကို သန်းခေါင်စာရင်းကောက်ယူမှု ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။ ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ယူမှုကို မတ် ၃၀ ရက်နေ့မှ ဧပြီ ၁၀ ရက်နေ့အထိတစ်ပြည်လုံးအတိုင်းအတာနဲ့ ကောက်ယူနေခြင်း ဖြစ်ကာ ကျန်ရှိနေသေးသည့် ကျေးရွာသို့ ဆက်လက် ကောက်ခံနေဆဲ ဖြစ်သည်။

Most read this week