လော်ဝေါ်စာပေနှင့် ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီက ပြည်နယ် သန်းခေါင်စာရင်းကောက်ခံရေး ကော်မတီသို့ စာတင်

လော်ဝေါ်စာပေနှင့် ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီက ပြည်နယ် သန်းခေါင်စာရင်းကောက်ခံရေး ကော်မတီသို့ စာတင်
by -
အမွန်း

လော်ဝေါ်စာပေနှင့် ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီမှ ပြည်နယ် သန်းခေါင်စာရင်းကောက်ခံရေး ကော်မတီထံ မတ် ၃၀ ရက်နေ့ ဝိုင်းမော်မြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ခံရာ၌ လူမျိုး မေးခွန်းထည့်သွင်းမှု မှားယွင်းနေကြောင်း သတင်းပေးပို့သည့် အနေဖြင့် ဧပြီ လဆန်းတွင် စာတင်ထားကြောင်း သိရသည်။

လော်ဝေါ်စာပေနှင့် ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီမှ အတွင်းရေးမှူးက “သန်းခေါင်စာရင်းက အခုမှ အစပဲကောက်သေးတာ ပြဿနာက စဖြစ်တယ်။ အခုဆက်ပြီး ကောက်ခံလာတဲ့ အချိန်မှာ နောက်ထပ်ပြဿနာတွေ ဖြစ်မလာနိုင်ဖို့ရယ်၊ ပြီးတော့မှန်မှန်ကန်ကန် ဖြစ်ဖို့အတွက် သတင်းပို့တာပါ” ဟု ပြောသည်။

ဝိုင်းမော်မြို့တွင် သန်းခေါင်စာရင်း စကောက်သည့် အချိန်တွင် ကာယကံရှင် မိသားစုက လူမျိုးမေးသည့်အခါ လော်ဝေါ်ဟု ပြောသော်လည်း အစိုးရက သတ်မှတ်သည့် လူမျိုး ကုတ်နံပါတ်တွင် လော်ဝေါ်ဟု မပါပဲ လောဂေါ်သာ ပါသည့်အတွက် စာရင်းကောက်သူကလည်း အခြားလူမျိုးကုတ်နံပါတ်ဖြစ်သည့် ၉၁၄ တွင် ထည့်သွင်းလိုက်သည့်အတွက် ကာယကံရှင်နှင့် စာရင်းကောက်ကြား ပြဿနာ စဖြစ်ရခြင်းဖြစ်ကြောင်း ပြောသည်။

အဆိုပါ ဖြစ်ရပ်ကို ကာယကံရှင်မှ မြို့နယ် သန်းခေါင်စာရင်း ကောက်ခံရေး ကော်မတီ ဥက္ကဋ္ဌ သို့ တင်ပြပြီး ကောက်ခံသူနှင့် ကာယကံရှင် နှစ်ဦးအားခေါ်ယူညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။

ထို့ကြောင့် လော်ဝေါ်စာပေနှင့် ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီက အလားတူဖြစ်ရပ်များ မဖြစ်ပွားစေရန်နှင့် ကုတ်နံပါတ် ၁၀၈ တွင် ထည့်သွင်းပေးရန် သက်ဆိုင်ရာ စာရင်းစစ်၊ စာရင်းကောက်များအား တောင်းဆိုမှု များ ပြုလုပ်ထားကြောင်းလည်း သိရသည်။

လော်ဝေါ် လူမျိုးများ၏ လူမျိုးအမည်ကို လော်ဂေါ်ဟု ရေးထားသည့်အကြောင်းကိုလည်း လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ကြီးဦးခင်ရီလာသည့် အချိန်တွင် ပြင်ဆင်ပေးရန် တောင်းဆိုထား သော်လည်း သန်းခေါင်စာရင်း အမီ ပြင်ဆင်ခြင်း မရှိကြောင်းလည်း သိရသည်။

Most read this week