သန်းခေါင်စာရင်းကောက်ယူမှု သတ်မှတ်သည့် ရက်ထက် စောစွာပြီးစီး

သန်းခေါင်စာရင်းကောက်ယူမှု သတ်မှတ်သည့် ရက်ထက် စောစွာပြီးစီး
by -
နန်းချောင်ဖော့၊ နန်းဝေဖြိုးဇာ

ကရင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူမှုသည် လက်ရှိ သတ်မှတ်ထားသည့်ရက် ထက် စောစွာ အခက်ခဲများကြား ကောက်ယူပြီးစီးသွားခဲ့ကြောင်း ပြည်နယ် လဝက တာဝန်ရှိသူများနှင့် စာရင်းကောက်ကျောင်း ဆရာ၊ဆရာမများ ကပြောဆိုသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းကောက်များသည် မတ်လ ၃၀ ရက်နေ့မှ ဧပြီ ၁၀ ရက်နေ့အထိ ကောက်ယူရမည်ဖြစ်ကြောင်း၊ တစ်ရက်လျှင် အိမ်ခြေ ၁၀ လုံးမှ ၁၅ လုံးအထိသာကောက်ယူရမည်ဟု သတ်မှတ်ထားသော်လည်း စာရင်းကောက်များအနေဖြင့် စာရင်းစစ်မှ စာရင်းများတောင်းသည့်အတွက် ဧပြီ ရ ရက်နေ့တွင် အပြီးကောက်ယူလိုက်ခြင်း ဖြစ်သည်ဟု ဘားအံမြို့နယ်၊ ကော့မူးနုတ်ရွာ၌ သန်းခေါင်စာရင်း စာရင်းကောက် နန်းရင်အေးက ပြောသည်။

ဆရာမ နန်းရင်အေးက “ကျမရဲ့ကောက်ကွက်မှာ ဒီ ရ ရက်နေ့က အပြီး ကောက်လိုက်တယ်။ အမှန်ဆိုရင် ၁၀ ရက်နေ့အထိကောက်ရမယ်။ စာရင်းစစ်က စာရင်းကိုယူတော့မယ်ဆိုတော့ ရ ရက်နေ့မှာ အပြီးကောက် လိုက် တယ်။ မနေ့ညကဆိုရင် စာရင်းရှင်းတမး်တွေ ကျား/မ လူဦးရေတွေ ဘယ်လောက်ဆိုတာကိုအပြီးလုပ်ပေး ရတယ၊် မနက် ၃ နာရီထိုးမှ ကျမတို့ အိပ်ရတယ်” ဟု ပြောသည်။

ထိုသို့ သန်းခေါင်စာရင်းမေးခွန်းမေးသည့် အခါတွင် အိမ်ထောင်စုတစ်စုကို မိနစ် ၃၀ သာ အချိန်သတ်မှတ် ထားသည့်အတွက် လူဦးရေများသည့်အိမ်ထောင်စုများ၊ အိမ်ထောင်စုအတွင်း ပြည်ပသို့ရောက်ရှိနေ သူများအတွက် မေးမြန်းရာမှာ အများစုက  ရက်စွဲမမှတ်မိသည့် ပြဿနာများရှိသော်လည်းအခက်အခဲ များကြားက အပြီးကောက်ခံနိုင်ခဲ့ခြင်းဖြစ်သည်ဟု စာရင်းကောက် ဆရာမ နန်းရင်အေးကဆိုသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ် (၁) ရပ်ကွက်တွင် သန်းခေါင်စာရင်း စာရင်းစစ် တာဝန်ကျသည့် ဆရာမ ခင်မာချိုကလည်း “ ဒီဧပြီ ရ ရက်နေ့မှာ အတတ်နိုင်ဆုံး ပြီးရမယ်၊ ပြီးရင် စာရင်းကောက်တဲ့ဆရာ၊ ဆရာမတွေအားလုံး သူတို့ကောက်ကွက် ပြန်ဆင်းရမယ်၊ ကောက်ပြီးသွားတဲ့အိမ်တွေကတော့
ကောက်ယူပြီးစီးကြောင်း စာတွေကပ် ထားတယ်၊ စာမကပ်ထားတဲ့ အိမ်တွေ ခရီးသွားတဲ့ အိမ်တွေရှိတယ် အဲဒါတွေကို ကျန်တဲ့ ၃ ရက်မှာ ပြန်ကောက်ဖို့ ပြန်စစ်ဖို့ဖြစ်တယ်” ဟုပြောသည်။

ထိုသို့ ကောက်ခံမှုပြီးဆုံးသွားသော်လည်း အချို့နေရာများတွင် ကျန်ရှိနေသေးကြောင်း ကရင်ပြည်နယ် လဝက ဒုပြည်နယ်မှူး ဦးစောတင့်လွင်ကပြောသည်။  “အခု ကရင်ပြည်နယ်အတွင်း အားလုံးနီးပါး ကောက် ပြီးသွားပေမယ့် ကေအဲန်ယူ တပ်မဟာ ၅ ဖာပွန်ခရိုင်မှာ ကောက်ဖို့တော့ ညှိနှိုင်းနေတုံးပဲ၊ ကောက် မယ့်သူတွေ ကိုတော့ စာရင်းကောက်သင်တန်းပေးပြီးသွားပြီး၊ ထိန်းချုပ်နယ်မြေထဲက လူငယ်လေးတွေ ဖြစ်တယ်” ဟုပြောသည်။

၂၀၁၄ ခုနှစ်၊ ပြည်လုံးပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ခြင်းကို မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက် နေ့အထိ ၁၂ ရက်ကြာ တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူလျှက်ရှိပြီး အိမ်ထောင်စုပေါင်းလေးသန်း ကျော်ကောက်ယူပြီး ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ချက်များအရသိရသည်။

Most read this week