ကလေးမြို့တွင် ဇိုမီး ချင်းတိုင်းရင်းသားမျိုးနွယ်စုများမှ ဇိုမီးဟုထည့်သွင်းခွင့်မရ

ကလေးမြို့တွင် ဇိုမီး ချင်းတိုင်းရင်းသားမျိုးနွယ်စုများမှ ဇိုမီးဟုထည့်သွင်းခွင့်မရ
by -
မိုင်ဒေါသ်သဲ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် နေထိုင်ကြသည့် ဇိုမီးချင်းတိုင်းရင်းသားမျိုးနွယ်စုများအနေဖြင့် သန်းခေါင်စာရင်းတွင် လူမျိုးအမည် ကုဒ်နံပါတ် ၄၂၄ တီးတိန် (ဇိုမီး) ဟုထည့်သွင်းခွင့်မရရှိခဲ့ကြကြောင်း ကလေးမြို့ဒေသခံများမှ သိရသည်။

သန်းခေါင်စာရင်း၏ လူမျိုးအမည် ကုဒ်နံပါတ်တွင် ၄၂၄ တီးတိန် (ဇိုမီး) ဟု ထည့်သွင်းလိုသော်လည်း သန်းခေါင်စာရင်း လာကောက်သူများမှ ထည့်သွင်းရန် ခွင့်မပြုခဲ့ကြောင်းကလေးမြို့ဒေသခံ ဦးဆုန်ပီး မှ သန်းခေါင်စာရင်း ဖြည့်သွင်းခဲ့ရမှု အခြေအနေကို ပြောပြသည်။

“ကျနော်တို့က ၄၂၄ တီးတိန် (ဇိုမီး) ဆိုပြီးတော့မှ ထည့်ချင်တာပါ။ စာရင်းလာကောက်တဲ့သူက ထည့်လို့မရဘူး လို့ပြောတယ်။ ၄၂၄ တီးတိန် ဆိုပြီးထည့်မှ ရမယ် ။ ကွင်းစကွင်းပိတ်နဲ့ (ဇိုမီး) ဆိုပြီးထည့်လို့မရဘူးလို့ပြောပါ တယ်။ အဲဒါကြောင့် ကျနော်တို့လည်း ၄၂၄ တီးတိန်လို့ပဲ ထည့်ခဲ့ရတယ်။ ကွင်းစကွင်းပိတ်နဲ့ (ဇိုမီး) ဆိုတာကို ထည့်ခွင့်မရခဲ့ဘူးဗျ” ဟု ပြောသည်။

ယင်းသို့ ထည့်သွင်းခွင့်မရခဲ့ခြင်းမှာ ဇိုမီးသည် ကုဒ်နံပါတ်တွင် မပါသည့်အတွက်ဖြစ်ကြောင်း စာရင်းကောက်သူ များမှ ပြောသည်ဟု လည်း ဦးဆုန်ပီးကဆက်ပြောသည်။

“ဇိုမီးဆိုတာ ပေးထားတဲ့ ကုဒ်နံပါတ်တွေထဲမှာမပါတဲ့အတွက်ထည့်လို့မရဘူးလို့ပြောတယ်။ ဇိုမီး လို့ထည့်ချင်ရင် ၉၁၄ မှာ ထည့်မှရမယ်တဲ့။ ၉၁၄ မှာ မထည့်ချင်ရင် ၄၂၄ တီးတိန် လို့ပဲထည့်လို့ရမယ် လို့ပြောလို့ကျနော်တို့ လည်း ၄၂၄ တီးတိန် လို့ပဲ ထည့်ခဲ့ကြတယ်”ဟုပြောသည်။

ထို့ပြင် ယင်းကဲ့သို့ ကွင်းစကွင်းပိတ် (ဇိုမီး) ဟုထည့်သွင်းခွင့်မရကြသူများမှာ အတော်များများရှိကြကြောင်း ကိုလည်း ကလေးမြို့တာဟန်းရပ်ကွက်နေ ဒေသခံ ဇိုမီး ချင်းတိုင်းရင်းသားမျိုးနွယ်စုတစ်ဦးက“အဲဒီလို ကွင်းစကွင်းပိတ်နဲ့ (ဇိုမီး) လို့ထည့်ရင် ကုဒ်မှာမရှိတဲ့အတွက်သူတို့ အဆူခံရမယ်လို့ သန်းခေါင်စာရင်းလာ ကောက်တဲ့သူတွေပြောပါတယ်။ ကလေးမြို့ ကျနော်တို့ အနီးအနားမှာတော့ အဲ့ဒီလိုမျိုး ၄၂၄ တီးတိန်ကွင်း စကွင်းပိတ်နဲ့ (ဇိုမီး) ဆိုပြီးထည့်ခွင့်မရတဲ့သူတွေကျနော်သိသလောက်တော့ အတော်များများရှိပါတယ်” ဟု ပြောသည်။

ဇိုမီးချင်းတိုင်းရင်းသားမျိုးနွယ်စုများသည်ဌာနေတိုင်းရင်းသားများဖြစ်ကြသော်လည်း သန်းခေါင်စာရင်း တွင်ကုဒ်နံပါတ်မရှိသေးသည့်အတွက် ကုဒ်နံပါတ် ၉၁၄ကိုရွေးချယ်ကြသူများရှိသကဲ့သို့ ၉၁၄ ကိုမရွေးချယ် လိုသူများအနေဖြင့်ကုဒ်နံပါတ် ၄၂၄ တီးတိန် ဟု ဘေးနားတွင် ကွင်းစကွင်းပိတ်ဖြင့် (ဇိုမီးဟုထည့်သွင်းကြ ကြောင်းသိရသည်။

ထို့အပြင် ၉၁၄ ကုဒ်ကို မရွေးချယ်လိုကြသည့် ချင်းလူမျိုးများအနေဖြင့် ၉၁၄ကိုရွေးချယ်မည့်အစား ၄ နှင့် စသည့် ကုဒ်နံပါတ်များနေရာတွင်ကွင်းစကွင်းပိတ်ဖြင့် မိမိတို့ လူမျိုးနွယ်စု အမည်များကို ထည့်သွင်းဖြည့်စွက် နိုင်ကြောင်း သန်းခေါင်စာရင်းဆိုင်ရာချင်းအမျိုးသားအထောက်အကူပြုကော်မတီမှ နှိုးဆော်ထားကြောင်း ကိုလည်းသိရှိရသည်။

မတ်လ ၃၁ ရက် နေ့အထိ သန်းခေါင်စာရင်းကောက်ယူ ရရှိမှုအခြေအနေမှာချင်းပြည်နယ်တွင် အိမ်ထောင်စု ၁၃၂၆၂ စုဖြစ်ပြီးစစ်ကိုင်းတိုင်းဒေသကြီးတွင် အိမ်ထောင်စု ၂၁၆၅၉၅ စုဖြစ်ကြောင်း သိရသည်။

Most read this week