မွန်ပြည်နယ်နေအိမ်တစ်ချို့တွင် သန်းခေါင်စာရင်းကောက်ယူခြင်းမရှိ

မွန်ပြည်နယ်နေအိမ်တစ်ချို့တွင် သန်းခေါင်စာရင်းကောက်ယူခြင်းမရှိ
by -
အေမီအောင်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ ပငကျေးရွာ နေအိမ်တစ်ချို့တွင်၊ သန်းခေါင်စာရင်းကောက်ယူခဲ့ခြင်းမရှိဟု သန်းခေါင်စာရင်းကောက်ယူမှု လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ သိရသည်။

သန်းခေါင်စာရင်းကောက်ယူမှု လေ့လာစောင့်ကြည့်ရေးအဖွဲ့ဝင် နိုင်လယီတမက “ သူတို့ စာရင်းကောက်ပြီး တဲ့အချိန်တွေမှာ ဘယ်လိုအချက်အလက်တွေဖြေကြားခဲ့တာကို လိုက်မေးမြန်းတယ်၊ အချို့စာရင်းကောက်တွေ ချန်ထားတဲ့အိမ်၊ တံခါးပိတ်ထားတဲ့ အိမ်ရှင်တွေကိုလည်း လိုက်မေးမြန်းခဲ့တယ်” ဟု ပြောသည်။

သန်းခေါင်စာရင်းပုံစံ(Copy)

အချို့နေအိမ်များအား သန်းခေါင်စာရင်းကောက်မည်အကြောင်း ကြိုတင်အသိပေးထားခြင်းမရှိ၊ ကောက်ကွက် နံပါတ်ကပ်ထားခြင်းမရှိ၊ မိသားစုဝင်အချို့နိုင်ငံခြားသို့ သွားရောက်နေထိုင် အလုပ်လုပ်ကိုင်နေသည့်အတွက် စိုးရိမ်စိတ်ဖြင့် တံခါးပိတ်ထားသူများရှိသည်ဟုလည်း ဆိုသည်။

“အိမ်ထောင်စုစာရင်းမှာ ပါရှိတဲ့လူအတိုင်းပဲကောက်ယူတယ်၊ အသစ်ဆောက်ထားတဲ့အိမ်တွေ စာရင်းထဲမှာ မပါရှိလို့ မကောက်တာမျိုးရှိနေတယ်၊ မွန်စကားမပြောတတ်တဲ့ စာရင်းကောက်ဆရာမတွေနဲ့ဗမာစကား မပြောတတ်တဲ့မွန်မိသားစုနဲ့တိုးတော့ သူ့စကားငါမသိ၊ ငါ့စကားသူမသိတာမျိုးလည်း ရှိခဲ့တယ်” ဟု နိုင်လယီတမက ပြောသည်။

သံဖြူဇရပ်မြို့နယ်၊ မွန်အမျိုးသားပါတီဝင်များက ပြီးခဲ့သည့်မတ်လ ၂၅ ရက်နေ့တွင် အဆိုပါ သန်းခေါင်စာရင်း ကောက်ယူမှု လေ့လာစောင့်ကြည့်ရေးအဖွဲဲ့ဝင် (၁၅) ဦးဖြင့်ဖွဲ့စည်းခဲ့ရာ ဧပြီလ (၁) ရက်နေ့တွင်၊ သံဖြူဇရပ်မြို့ နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန(လဝက) ရုံးက ပိတ်ပင်တားမြစ်ခဲ့သည်ဟု ဆိုသည်။

သန်းခေါင်စာရင်းလေ့လာစောင့်ကြည့်သူ မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ နိုင်အဲမွန်က “ ကမာဝက်ရွာက မိသားစု ရ ယောက်ထဲမှာ ၅ ယောက်ကတော့ အိမ်မှာ၊ ၂ ယောက်က ထိုင်းနိုင်ငံမှာရှိတယ်၊ အဲဒီ ထိုင်းနိုင်ငံမှာရှိတဲ့ ၂ယောက်ဟာ နိုင်ငံခြားမှာရှိလို့ဆိုပြီး စာရင်းမကောက်ခဲ့တာကို ကျနော်ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတယ်” ဟုပြောသည်။

အလားတူ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ရှိ မိသားစုတစ်စုအနက် ၆ ဦးသည် ထိုင်းနိုင်ငံထဲသို့ ရောက်ရှိနေ သောကြောင့် စာရင်းကောက်ယူခြင်းမရှိခဲ့ဟုလည်း သူကဆက်ပြောသည်။

၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း သိကောင်းစရာများ စာအုပ်တွင် (က) - သန်းခေါင်စာရင်းကောက်ယူစဉ်ကာလ ပြည်ပကိုရောက်ရှိနေကြသော အိမ်ထောင်စုဝင်များ၏ အချက်အလက်များကိုလည်း ကောက်ယူရမည်ဟုဖေါ်ပြပါရှိပြီး ပြည်ပနိုင်ငံသို့ တရားဝင် သွားသည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ နိုင်ငံခြားတိုင်းပြည် (သို့မဟုတ်) အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ၏ အချက်အလက်များကိုလည်းရယူမည်ဟု ဖတ်ရှုခဲ့ရသည်။

Most read this week