DVB သတင်းထောက်ကို မကွေးတရားရုံးက ထောင်နှစ်နှစ်ချမှတ်

DVB သတင်းထောက်ကို မကွေးတရားရုံးက ထောင်နှစ်နှစ်ချမှတ်
by -
မဇ္ဈိမ

DVB (Democratic Voice of Burma) ၏ သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်)ကို ပိုင်နက်ကျူးလွန်မှု၊ ဝတ်တရားနှောက်ယှက်မှုများဖြင့် စွဲဆိုကာ ဧပြီလ ရရက်တွင် မကွေးတိုင်း တရားရုံးက ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်သည်ဟု DVBသတင်းဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက မဇ္စျိမကိုပြောသည်။

"အခုအပြစ်ပေးလိုက်တဲ့ ပုဒ်မနှစ်ခုက မတရားဘူးလို့ ယူဆတယ်လေ။ အစိုးရဝန်ထမ်းတစ်ယောက်ကို နည်းမျိုးစုံနဲ့ ဟန့်တားတာကို ၀တ္တရားနှောင့်ယှက်တယ်လို့ ယူဆတယ်၊ အခုက အစိုးရဝန်ထမ်းတစ်ယောက်ကို သတင်းသွားမေးတာပဲ ၀တ္တရားနှောင့်ယှက်မှုလို့ သတ်မှတ်လို့မရဘူး၊ အိမ်ကျော်နင်းမှုဆိုတာက ပုဂ္ဂလိကနဲ့ပဲဆိုင်တယ်လို့ ယုံကြည်တယ်။ ပညာရေးမှူးရုံးဆိုတာက Publicဧရိယာ ရုံးချိန်အတွင်း လူတိုင်းဝင်ထွက်ခွင့်ရှိတဲ့ကိစ္စမျိုး အိမ်ကျော်နင်းမှုနဲ့ တရားစွဲဆို ထောင်ချတယ်ဆိုတာ တရားသူကြီးတွေက ဥပဒေကို တစ်လွဲအသုံးချတယ်လို့ သတ်မှတ်ပါတယ်၊၊ အယူခံတင်မှာပဲ" ဟု ဦးခင်မောင်ဝင်းက ပြောသည်။

DVBသတင်းထောက် ကိုဇော်ဖေကို မကွေးမြို့ ပညာရေးဌာနက တရားလိုပြုကာ ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ကိုဝင်းမြင့်လှိုင်ကို ဝတ္တရားနှောက်ယှက်မှု ပုဒ်မ ၃၅၃၊ ပညာရေးမှူးရုံးအတွင်း ဝင်ရောက် သတင်းယူသည့်အတွက် ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၈၈တို့ဖြင့် ၂၀၁၂ခုနှစ်ကလည်းက တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ခုနှစ် ဧပြီ ရရက်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ကိုဇော်ဖေကို ထောင်ဒဏ်နှစ်နှစ် အမိန့်ချခဲ့ခြင်းကို DVB မြန်မာပိုင်းတာဝန်ခံ ကိုတိုးဇော်လတ်က မကွေးခရိုင် တရားရုံးသို့ အယူခံဆက်လက်ဝင်သွားမည်ဟု ဦးခင်မောင်ဝင်းက ပြောသည်။

သတင်းထောက် ကိုဇော်ဖေ(သူရသက်တင်)သည် ပညာသင်ဆုဆိုင်ရာ သတင်းကို မြို့နယ်ပညာရေးဌာန မှတစ်ဆင့် ရယူခဲ့ခြင်းသည် သတင်းထောက်တစ်ယောက်၏ အလုပ်ကို တာဝန်သိသိ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု DVB သတင်းဌာနက ယုံကြည်သည့်အတွက် ၎င်းအား ပြစ်ဒဏ်ချမှတ်မှုကို DVBသတင်းဌာနအနေဖြင့် လုံးဝကန့်ကွက် ရှုတ်ချကြောင်းနှင့် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် ဧပြီလ ရ ရက်တွင် DVB သတင်းဌာနက ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

Most read this week