ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရာ၌ “ရိုဟင်ဂျာ” အမည်ရေးသွင်းခြင်းကို လုံးဝမပြုကြောင်း အစိုးရမှ တရားဝင်ထုတ်ပြန်ပေးရန်အပါအဝင် တောင်းဆိုချက်ရှစ်ချက်ဖြင့် ရခိုင်ပြည်သူများက မတ် ၁၆ ရက်နေ့တွင် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။
အဆိုပါ မတ် ၁၆ရက် တစ်နေ့ထဲ၌ ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် ၁၁ မြို့နယ်မှ ထောင်ပေါင်းများ စွာသော ရခိုင်ပြည်သူများလမ်းပေါ်ထွက်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး၊ နောက်နေ့များတွင်လည်း ကျန်မြို့နယ်များ၌ ဆန္ဒပြပွဲများကိုဆက်လက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေသခံပြည်သူများက ဆိုကြသည်။
ယင်းနေ့က စစ်တွေမြို့၌ လူထုတစ်သိန်းကျော်ခန့်၊ ပုဏ္ဏားကျွန်းတွင် ၄၀၀၀ ခန့်၊ ကျောက်တော်တွင် ၁၅၀၀ကျော်ခန့်၊ မြောက်ဦးတွင် ၅၀၀၀ ခန့်၊ မင်းပြားတွင်၂၀၀၀ခန့်၊ မြေပုံတွင်၂၀၀၀ ကျော်ခန့်၊ ပေါက်တောတွင် ၁၀၀၀ခန့်၊ ရသေ့တောင်တွင် ၃၀၀ကျော်ခန့်၊ ဘူးသီးတောင်တွင် ၂၀၀၀ခန့်၊ မောင်တောတွင် ၅၀၀ခန့် ၊ ကျောက်ဖြူတွင် ရ၀၀ခန့်တို့က တောင်းဆို ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
ရခိုင်ပြည်သူတို့၏ဆန္ဒပြတောင်းဆိုချက်ရှစ်ချက်မှာ-(၁) သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာနာမည်လိမ် အလိုမရှိ၊ (၂)သန်းခေါင်စာရင်းသည် ဘင်္ဂလီဝင်ပေါက်မဟုတ်၊(၃) ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို အမြန်ဆုံး အကောင် အထည် ဖော်ပေးပါ၊ (၄) ရိုဟင်ဂျာဟု ထည့်ခိုင်းသော နိုင်ငံတကာ စွက်ဖက်မှု လုံးဝ(လုံးဝ)လက်မခံ၊ (၅)ရခိုင်ပြည်ကို ကာကွယ်ရေး ရခိုင့်လူ့အခွင့်အရေး၊ (၆) အနောက်ဖက်နယ်စပ်လုံခြံုရေး ပြည်ထောင်စု လုံခြံုရေး၊ (၇)ရိုဟင်ဂျာ ဟု ထည့်သွင်းခွင့်ပြုလျှင် သန်းခေါင်စာရင်းကိုရခိုင်တမျိုးသားလုံး သပိတ်မှောက်မည် ဟူ၍ ဖြစ်သည်။
တောင်းဆိုချက်များအရ သန်းခေါင်စာရင်းကောက်ယူရာ၌ ရိုဟင်ဂျာ ဟု ရေးသွင်းခြင်းကို လုံးဝမပြုကြောင်း ကမ္ဘာသို့ တရားဝင် ထုတ်ပြန်ပေးရန်နှင့် နိုင်ငံတော်မှသတ်မှတ်မထားသည့် လူမျိုးအမည်ကို ရေးသွင်းခြင်း
လုံးဝခွင့်မပြုကြောင်း သန်းခေါင်စာရင်း ဥပဒေတွင် တရားဝင်ထည့်သွင်းပြဋ္ဌာန်းပေးရန် လိုအပ်သည်ဟု ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။
အကယ်၍ မတ် ၂၁ရက်မတိုင်မီ အစိုးရဘက်မှ ယင်းတောင်းဆိုချက်များကို ဆောင်ရွက်ပေးခြင်းမရှိပါက ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူမှုအား ရခိုင်တစ်မျိုးသားလုံးက တညီတညွတ်တည်း ဆန္ဒထုတ်ဖော် သွားနိုင်ရန်ရှိ ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။



