ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး အခွန်ကောက်မည်ကို ကယားပြည်သူ စိုးရိမ်

ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး အခွန်ကောက်မည်ကို ကယားပြည်သူ စိုးရိမ်
by -
ကန္တာရဝတီတိုင်း(မ်)

၂၀၁၄ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသည့် မေးခွန်း ၄၁ ခုထဲမှ ပိုင်ဆိုင်မှုနှင့် သက်ဆိုင်သည့်မေးခွန်းအတွက်် စိုးရိမ်စရာမလိုကြောင်း ကယားပြည်နယ် ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးမှ ပြည်နယ်မှူး ဦးခင်စိုးက ပြောသော်လည်း အခွန်ကောက်မည်ကို ကယားပြည်သူများ စိုးရိမ်နေကြသည်။

ဝေါ်လာထွာရွာနေ ဇော်နိုင်က “အဲလိုကောက်တဲ့အချိန်မှာ သူတို့က ပစ္စည်း ပစ္စယတွေမေးတော့ နောက်ကျရင် အခွန်ကောက်မလား။ ဘာလို့လဲဆိုရင် အိမ်တိုင်းလိုလိုက အနည်းဆုံးလယ်လုပ်ဖို့ စက်တော့ရှိကြတာပဲလေး။ အဲဒါပြောပြပြီးရင် သူတို့ အခွန်လာကောက်မလားလို့ စိုးရိမ်မိတယ်”ဟု ဆိုသည်။

သန်းခေါင်စာရင်းကောက်ယူချိန်တွင် မိမိအိမ်တွင် ရှိသော ပိုင်ဆိုင်မှုကို မေးမြန်းပြီးပါက နောက် တစ်ချိန်တွင် အခွန်များ ပြန်လည်ကောက် ယူမည်ကို စိုးရိမ်နေကြောင်း ဇော််နိုင် က ပြောသည်။

ပြည်နယ်မှူးက “သန်းခေါင်စာရင်းကောက် ယူတာဟာ ပိုင်ဆိုင်မှုနဲ့ မသက်ဆိုင်ပါဘူး။ ပိုင်ဆိုင်မှုကို သိချင်လို့ မဟုတ်ပါဘူး။ လူနေမှုအဆင့်အတန်းတွေကို တို့တွေဘာတွေဖြည့်ဆည်းပေးရမှာလဲဆိုတာကိုသိချင်လို့ပေါ့ နော်”ဟု ဆိုသည်။

သန်းခေါင်စာရင်းကောက်ယူပြီးချိန်တွင် ရရှိလာသော အချက်အလက်များကို ဥပဒေနှင့်လည်း ကာကွယ်ပေးထား ကြောင်း ပြည်နယ်မှူးက ပြောသည်။

မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စု ဝန်ကြီးဦးခင်ရီက “ပစ္စည်းတွေ ဘာရှိသလဲ ရေဒီယို ရှိသလား၊ တီဗီရှိသလားဘာရှိသလား ညာရှိသလားဆိုတာမေးမယ်။ အဲဒီမှာအခွန် ကောက်မလား။ မကောက်ဘူး။ ဒါဥပဒေစာအုပ်ထဲမှာပါတယ်” ဟု ဆိုသည်။

ထိုနောက် မေးမြန်းရာတွင် ရှိသလားဆိုသည့်မေးခွန်းသာမေးမြန်းပြီး အရေအတွက်၊ အမျိုးအစား၊ မည်ကရရှိ သလဲဆိုတာတွေကို မမေးကြောင်း ဝန်ကြီးက ပြောသည်။

စျေးသည် ဒေါ်အုန်းကြည်က “သန်းခေါင်စာရင်းကောက်တာနဲ့ ပတ်သက်ပြီး ဘာမှမသိသေးဘူး။ တစ်ခါမှမလညး် အတွေ့အကြံုမရှိဘူး။ မေးလာမယ်ဆိုရင်တော့ အမှန်တိုင်းပြောမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် နောက်ကျရင် ကိုယ်ပြောထားတဲ့ဟာနဲ့ အခွန်တွေပြန်ကောက်မလားလို့ စိုးရိမ်တယ်”ဟု ဆိုသည်။

ဇော်နိုင်က “ယခုလိုမျိုး အကြောင်းအရာတွေကို ကြိုသိထားရင် ကျနော်တို့ကို လာမေးတဲ့အခါကျရင် ဖြေဖို့အားရှိတာပေါ့။ ကြိုမသိထားရင် စိုးရိမ်စိတ်တွေ ရှိတာပေါ့”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကို လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၇၃-ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၈၃-ခုနှစ်တွင် ဒုတိယအကြိမ်ကောက်ယူပြီး ယခုအနှစ် ၃၀ အကြာတွင် ၂၀၁၄ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ထပ်မံကောက်ယူမည် ဖြစ်သည်။

Most read this week