သန်းခေါင်စာရင်းပါပိုင်ဆိုင်မှုမေးခွန်းတွင် အခွန်ကောက်မည်ကိုစိုးရိမ်

သန်းခေါင်စာရင်းပါပိုင်ဆိုင်မှုမေးခွန်းတွင် အခွန်ကောက်မည်ကိုစိုးရိမ်
by -
စူးမလ်

စူးမလ်(ကန္တာရဝတီတိုင်းမ်)။     ။၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမည့် မေးခွန်း ၄၁ ချက်အနက် လူဦးရေ၊ အိမ်အကြောင်းအရာ မိမိပိုင်ဆိုင်မှုနှင့်သက်ဆိုင်သည့်မေးခွန်းများအတွက်် စိုးရိမ်စရာမလိုကြောင်းပြောကြားနေသော်လည်း ပြည်သူများက အခွန်ကောက်မည်ကို စိုးရိမ်နေကြသည်။

ဝေါ်လာထွာရွာနေ ဇော်နိုင်က “အဲလိုကောက်တဲ့အချိန်မှာ သူတို့ကပစ္စည်း ပစ္စယတွေမေးတော့ နောက်ကျရင်အခွန်ကောက်မလား။ ဘာလို့လဲဆိုရင် အိမ်တိုင်းလိုလိုက အနည်းဆုံးလယ်လုပ်ဖို့ စက်တော့ရှိကြတာပဲလေ၊ အဲဒါပြောပြပြီးရင် သူတို့ အခွန်လာကောက်မလားလို့ စိုးရိမ်မိတယ်”ဟု ပြောသည်။

သန်းခေါင်စာရင်းကောက်ယူချိန်တွင် မိမိအိမ်တွင် ရှိသော ပိုင်ဆိုင်မှုကို မေးမြန်းပြီးပါက နောက်တစ်ချိန်တွင် အခွန်များ ပြန်လည်ကောက်ယူမည်ကို စိုးရိမ်နေကြောင်း ဇော််နိုင်က ဆိုသည်။

ကယားပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်မှူး ဦးခင်စိုးက “သန်းခေါင်စာ ရင်းကောက်ယူတာဟာ ပိုင်ဆိုင်မှုနဲ့မသက်ဆိုင်ပါဘူး။ ပိုင်ဆိုင်မှုကို သိချင်လို့မဟုတ်ပါဘူး။ လူနေမှုအဆင့် အတန်းတွေကို တို့တွေဘာတွေဖြည့်ဆည်းပေးရမှာလဲဆိုတာကိုသိချင်လို့ပေါ့နော်”ဟု ဆိုသည်။

သန်းခေါင်စာရင်းကောက်ယူပြီးချိန်တွင် ရရှိလာသော အချက်အလက်များကို ဥပဒေနှင့်လည်း အကာအကွယ် ပေး ထားကြောင်း ပြည်နယ်မှူးက ဆက်ပြောသည်။

ဇော်နိုင်က “ယခုလိုမျိုး အကြောင်းအရာတွေကို ကြိုသိထားရင် ကျနော်တို့ကို လာမေးတဲ့အခါကျရင်ဖြေဖို့အားရှိ တာပေါ့။ ကြိုမသိထားရင် စိုးရိမ်စိတ်တွေရှိတာပေါ့”ဟု ဆိုသည်။

မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စု ဝန်ကြီးဦးခင်ရီက “ပစ္စည်းတွေဘာရှိသလဲ ရေဒီယိုရှိသလား၊ တီဗီရှိသလားဘာရှိသလား ညာရှိသလားဆိုတာမေးမယ်။ အဲဒီမှာအခွန်ကောက်မလား။ မကောက်ဘူး။ ဒါဥပဒေစာအုပ်ထဲမှာပါတယ်” ဟု ဆိုသည်။

ထိုနောက် မေးမြန်းရာတွင် ရှိသလားဆိုသည့်မေးခွန်းသာမေးမြန်းပြီး အရေအတွက်၊ အမျိုးအစား၊ မည်ကရရှိ သလဲဆိုတာတွေကို မမေးကြောင်း ဝန်ကြီးက ပြောသည်။

စျေးသည် ဒေါ်အုန်းကြည်က “သန်းခေါင်စာရင်းကောက်တာနဲ့ ပတ်သက်ပြီး ဘာမှမသိသေးဘူး။ တစ်ခါမှမလညး် အတွေ့အကြံုမရှိဘူး။ မေးလာမယ်ဆိုရင်တော့ အမှန်တိုင်းပြောမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် နောက်ကျရင် ကိုယ်ပြောထားတဲ့ဟာနဲ့ အခွန်တွေပြန်ကောက်မလားလို့ စိုးရိမ်တယ်”ဟု ဆိုသည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံသန်းခေါင်စာရင်းကောက်ယူမှုများကို ၁၉၇၃-၁၉၈၃-ခုနှစ်များတွင် ၂ ကြိ်မ်ကောက်ယူခဲ့ပြီးနောက် နှစ်ပေါင် ၃၀ အကြာတွင်၂၀၁၄ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းထပ်မံကောက်ယူခြင်း ဖြစ်သည်။

Most read this week