ငါးကန်များ မိုးရေလျှံခဲ့ခြင်းကြောင့် မွေးမြူသူများ အရှုံးပေါ်

ငါးကန်များ မိုးရေလျှံခဲ့ခြင်းကြောင့် မွေးမြူသူများ အရှုံးပေါ်
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် ဒီးမောဆိုမြို့နယ်တွင် ပြီးခဲ့သည့် တစ်ပတ်ခန့်တွင် မိုးဆက်တိုက်ရွာသွန်းခဲ့မှု ကြောင့် ငုပလော့ဆည်အနီး ငါးမွေးမြူထားသူများ ရေကြီး၍ဆုံးရှုံးနစ်နာမှုများနှင့် ကြံုတွေ့ရင်ဆိုင် နေကြရသည်။

အောက်တိုဘာလကုန်ပိုင်းတွင် မိုးဆက်တိုက်ရွာသွန်းခဲ့ခြင်းကြောင့် မွေးမြူထားသောကန်မှ ငါးများ အပြင်ရောက်သို့ လွတ်ထွက်သွားခဲ့ခြင်းဖြစ်သည်ဟု ငါးမွေးမြူသူတစ်ဦးက ပြောသည်။

ရေလျှံခဲ့သော ငုပလော့ဆည် (ဓါတ်ပုံ-ကေတီ)

ငုပလော့ဆည် အနီးရှိ တောင်ပေါ်မှ စီးဆင်းလာသော တောင်ကျချောင်းရေမှာနှင့် ကွိုင်ငံဖက်မှ စီးလာသော တောင်ကျချောင်းရေများ စီးဝင်လာမှုများကြောင့် ငုပလော့ဆည်ရေပြည့်လျှံလာကာ ငါးကန်များရေလွမ်းခဲ့ ခြင်း ဖြစ်သည်။

“အဲဒီမိုးဆက်တိုက် မိုးသုံးရက် သုံးညဆက်တိုက်ရွာတဲ့အချိန်မှာ ကျနော်တို့ဆည်မြောင်းဌာနတွေက သူတို့ ရှပ်တပ်ကို မဖွင့်နိုင်တော့ဘူး၊ အဲဒီ ချိန်မှာပဲ ရေကအသားကုန် ကြီးတက်လိုက်တော့ ဘာမှမတတ်နိုင် တော့ဘူး။ သူတို့လည်း ဘာမှလုပ်လို့လည်းမရတော့ဘူးဆိုတော့ အဲဒီမှာ ကန်တွေအကုန်လုံးပြည့်သွားတာ ပေါ့နော” ဟု ငါးကန်ပိုင်ရှင် ဦဆော်ဖဲက ပြောသည်။

ငုပလော့ဆည်အနီးပတ်လည်တွင် ဒေသခံများက မိမိတို့ပိုင်လယ်မြေများကို ငါးကန်များပြုလုပ်ကာ မှော်စား ငါး၊ ငါးကြင်းစသည့်ငါးများကို တပိုင်တနိုင်မွေးမြူကြခြင်းဖြစ်သည်။

၎င်းဆည်အနီးရှိ ငါးမွေးမြူနေသူများ လွှတ်သွားသောငါးများ ဆုံးရှုံးမှုတန်ဖိုးငွေ ကျပ်ငွေ သိန်းပေါင်း ရ၀ ခန့်ရှိသည်ဟု သိရသည်။

မိုးရေလျှံမှုကြောင့် ငုပလော့ရပ်ကွက်နှင့် ဥခူရီ၊ ခေါ့ပလော့ ကျေးရွာများသို့ ဆက်သွယ်ထားသော ချောင်းတံ တားငယ်မှာလည်း ကျိုးပဲ့သွားခဲ့သည်။

“ဒီချောင်းက ကျိုးသွားတော့ ဟိုဖက်ရွာက ဥခူရီနဲ့ခေါ့ပလော့ဖက်က ဒီးမောဆိုစျေးကို လမ်းခွဖက်ကလာတဲ့ မိန်းလမ်းမကြီးကတဆင့် သွားရတယ်လေ။ ခါတိုင်းဆို ဒီဖက်ကနေဖြတ်လမ်းသွားနေကြပေါ့” ဟု ငုပလော့ ရပ်ကွက်သားတဦးက ပြောသည်။

တဆက်တည်းမှာပင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဒေါငံခါးကျောင်းများတွင်လည်း ရေလျှံတက်လာ၍ ခေတ္တမျှ ကျောင်းပိတ် ထားခဲ့ကြရသေးသည့်အပြင် ကုန်းသာကျေးရွာရှိ အာလူးစိုက်ခင်းများလည်း ရေလွှမ်းခဲ့သည်ဟု သိရသည်။

Most read this week