ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာ ဗန်းမော် ခရိုင် မံစီ မြို့နယ်ရှိ လောင်ဗျန်နှင့် နမ့်ဖန်ခါ ၌ အစိုးရ တပ်များနှင့် KIA တပ်မဟာ (၃) တို့ နှစ်ရက် ဆက်တိုက် ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွား ခဲ့ကြောင်း
KIO ပြန်ကြားရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး နော်ဘိုက ဆိုပါသည်။
“မနေ့ကတည်းက အဲဒီ တပ်မဟာ (၃) ဒေသ ဘက်မှာ တိုက်ပွဲ ဖြစ်နေတယ်၊ ဒီနေ့လည်း ဆက်ဖြစ် နေတယ်၊ တိုက်ပွဲ ဖြစ်စဉ် အသေးစိတ် ကိုတော့ အစီရင် ခံစာ ရောက်ပြီးမှ ပဲ ပြောနိုင်မယ်” ဟု ဆိုပါသည်။
အင်အား (၅၀) ခန့် ရှိသော အစိုးရ ခမရ (၅၀၇) တပ်ဖွဲ့သည် KIA တပ်မဟာ (၃) တပ်ရင်း (၁၂) နေရာကို ယမန်နေ့ နံက် (၁၁) နာရီမှ ညနေ (၅) အထိတကြိမ်၊ ယနေ့နံနက် ၈ နာရီတွင် တကြိမ် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့ပါသည်။ ထို့အပြင် တိုက်ပွဲမှ တပ်ဆုတ်လာသော ခမရ (၅၀၇) တပ်ဖွဲ့ များသည် ယနေ့ နေ့လည် ပိုင်းတွင်
တပ်မဟာ (၃) တပ်ရင်း (၂၇) တပ်ဖွဲ့နှင့် တိုက်ခိုက် ပြန်သည်ဟု ဒုတိယ ဗိုလ်မှူးကြီး နော်ဘိုကသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၉) ရက်နေ့ ၌လည်း အစိုးရ ခလရ ၁၁၄၊ ၁၁၅ ပူးပေါင်း စစ်ကြောင်းက ကျောက်မဲ ခရိုင် တွင်းရှိ ကချင် တပ်မဟာ (၄) တပ်ရင်း ၃၄ လွိုင်ခန်ဗန် စခန်းသို့ လက်နက်ကြီး များဖြင့် ပစ်ခတ် ခဲ့သေးကြောင်း ဆိုပါသည်။
ထို့ပြင် ပြီးခဲ့သည့် သြဂုတ် လကုန်ပိုင်း ၂၈၊ ၂၉ ရက်နေ့ များတွင်လည်း KIO တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၇) တည်ရှိရာ မချမ်းဘော မြို့နယ် အင်ခါးကား ကျေးရွာ အနီး၌ အစိုးရ ခလရ ၁၃၇ တပ်ရင်းနှင့် တိုက်ပွဲများ ဖြစ်ပွား ခဲ့ပြီး ဒေသခံ ရွာသား ၂၀၀ ခန့် ပူတာအို၊ မချမ်းဘောမြို့များပေါ်သို့ ထွက်ပြေး တိမ်းရှောင် ခဲ့ပါသည်။
ဤကဲ့သို့ တိုက်ပွဲများ ဆက်တိုက် ဖြစ်လာ ချိန်တွင် KIA နည်းပညာ အထောက်အကူပြု အဖွဲ့နှင့် အစိုးရ နည်းပညာ အထောက်အကူပြု အဖွဲ့တို့သည် လာမည့် ၁၆ ရက်နေ့တွင်မြစ်ကြီးနား မြို့၌ ပထမဆုံး အကြိမ် နှစ်ရက်တာ တွေ့ဆုံ ဆွေးနွေး ကြဖွယ် ရှိကြောင်း ဦးလမိုင် ခွန်ဂျာက ဆိုပါသည်။
KIA နှင့် အစိုးရ တို့၏ ပြီးခဲ့သည့် မေလ ကုန်ပိုင်း မြစ်ကြီးနားမြို့ အပစ်ရပ်ရေး တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးနောက် တိုက်ပွဲတစ်လခန့် နည်းပါးသွားသော်လည်း ဇူလိုင်လဆန်းမှ စက်တင်ဘာအထိ ကချင်ထိန်းချုပ်ဒေသ တပ်မဟာ (၁)၊ တပ်မဟာ (၃)၊ တပ်မဟာ (၄) ဒေသများ၌ တိုက်ပွဲများခပ်စိတ်စိတ် ပြန်လည် ဖြစ်ပွားလာခဲ့ကြောင်း၊ တပ်မဟာ (၄) ဒေသသည် တိုက်ပွဲ အများဆုံး ဖြစ်ပွားသည့် နေရာဟု ဆိုနိုင်ကြောင်း ဒုတိယ ဗိုလ်မှူးကြီး နော်ဘိုက ပြောပါသည်။
KIO နှင့် အစိုးရတို့သည် နှစ်ဖက် စစ်ရှိန်လျော့ချရေးအတွက် တရားဝင် (၉) ကြိမ်နှင့်အလွတ် သဘော (၅) ကြိမ်ခန့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တိုက်ပွဲများသည် ယနေ့ အထိ ရှိနေဆဲပင် ဖြစ်ပါသည်။
KIO သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် ပထမ အကြိမ် အပစ်အခတ် ရပ်စဲ ခဲ့ပါသည်။ သို့သော်လည်း ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်ကာ တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ခဲ့ကြပါသည်။



