အစိုးရ၏ တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲသို့ တက်ရောက်မည် မဟုတ်ကြောင်း ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ကပြောပါသည်။
ကချင်ပြည် လွတ်လပ် ရေး အဖွဲ့ KIO ၏ အဆိုပါသဘောထားကို မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး မကဒတ ၏ ဥက္ကဋ္ဌ ရဲဘော် သံခဲနှင့် ယမန်နေ့က လိုင်ဇာ မြို့၌ တွေ့ဆုံစဉ် ဗိုလ်ချုပ် ဂွမ်မော် ကထုတ်ဖေါ်ပြောကြား ခဲ့သည်ဟု ABSDF (မြောက် ပိုင်း) အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမင်းဌေးက ဆိုပါသည်။
“ ကျနော်တို့ ဥက္ကဌက ဗိုလ်ချုပ် ဂွမ်မော်နဲ့ လိုင်ဇာ ဌာနချုပ်မှာ တွေ့ တာပါ။ ကျနော်တို့ ABSDF အဖွဲ့ကတော့ တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ဖြစ်မြောက်ဖို့ရယ်၊ အားလုံး ပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ကြိုးစား နေပါတယ်” ဟုဆိုသည်။
ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ကမူ ၄င်းတို့၏ မူအတိုင်း အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရေးထက်၊ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ရေး ကိုသာ လက်ခံကြောင်းပြောကြားခဲ့ဖူးသည်။ အပစ်အခတ် ရပ်စဲရေး ဟူသည်မှာ နိုင်ငံရေး ဖြေရှင်းမှု၏ လက်အောက်ခံ ပြသနာပင် ဖြစ်သည်ဟု ဗိုလ်ချုပ် ဂွမ်မော်က ဆိုပါသည်။
ထိုကဲ့သို့သော နိုင်ငံရေး တွေ့ဆုံဆွေးနွေး ပွဲများ ကျင်းပပေးမှ သာလျှင် နိုင်ငံရေး အရ သဘော တူညီချက်များ ရရှိ လာပါက အာမခံချက် ရှိပြီး အစိုးရ ဘက်မှ မျှော်မှန်း ထားသည့် စစ်မှန်သည့် ပြည်တွင်း ငြိမ်းချမ်းရေးများ ဖြစ်ပေါ်လာနိုင်မည် ဖြစ်ကြောင်း KIO/KIA ဘက်က အဆိုပြု သွားခဲ့ပါသည်။
ဤပြောဆိုချက်များ အတွက် ယင်းဆွေးနွေးပွဲသို့ တက်ရောက် ခဲ့သော ဗိုလ်မှူးကြီး ဇော်သောင်းနှင့် ဆရာလနန်းတို့အား ဆက်သွယ် မေးမြန်း ခဲ့သော်လည်း မရရှိခဲ့ပေ။
မကဒတ ဥက္ကဌ ရဲဘော် သံခဲသည် စက်တင်တာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီတွင် အလုပ် အမှုဆောင် ကော်မတီ ဆလိုင်းမျိုးအောင်၊ မြောက်ပိုင်း မကဒတ အဖွဲ့မှ တာဝန်ရှိ ခေါင်းဆောင် ၂ ဦးနှင့် အတူ
KIO လိုင်ဇာ ဗဟိုဌာန ချုပ် စခန်းသို့ သွားရောက် တွေ့ဆုံ ခဲ့ခြင်း ဖြစ်ပါသည်။
ယင်းမကဒတ ကိုယ်စားလှယ် အဖွဲ့အား ကချင်ပြည် လွတ်လပ်ရေး တပ်မတော်ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ဦးဆောင်ပြီး ၊တွဲဖက် အတွင်းရေးမှူး ဆရာလနန်းနှင့် မဟာဗျုဟာ လေ့လာရေး ဌာန ညွန်ချုပ် ဗိုလ်မှူးကြီး ဇော်သောင်း တို့ကကြိုဆို ခဲ့ပါသည်။
ဥက္ကဌ ဦးသံခဲသည် အစိုးရနှင့် လက်မှတ် ရေးထိုး ထားသည့် ပြည်နယ် အဆင့်နှင့် ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲရေး အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြောင်း ဗိုလ်မှူး မင်းဌေးက ဆိုပါသည်။
မကဒတသည် ခိုင်မာသော ပြည်တွင်း ငြိမ်းချမ်းရေးများ ပေါ်ပေါက် လာစေရန် အတွက် ဆက်လက် ဆွေးနွေးမှုများ လုပ်ဆောင် သွားမည် ဖြစ်သော်လည်း မကဒတ အဖွဲ့၏ ဦးတည်ချက် အတိုင်း တိုင်းရင်းသား ပေါင်းစုံ လွတ်မြောက်ရေး အတွက် ဆက်လက် တိုက်ပွဲ ဝင်နေမည်သာ ဖြစ်ကြောင်းလည်း တင်ပြခဲ့ပါသည်။
ဤသို့ကြောင့် အစိုးရမှ ဖော်ဆောင်နေသည့် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပွဲ အခမ်းအနားအား မကဒတ အဖွဲ့အနေဖြင့် တက်ရောက်မည် မတက်ရောက်မည် ဆိုသည်ကိုလည်း တိုင်းရင်းသားများ၏ သဘောထား ညီညွတ်မှု အပေါ်၌ မူတည်နေသည်ဟု ဗိုလ်မှူး မင်းဌေးက ဆိုပါသည်။
မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ အဖွဲ့ဝင် ဖြစ်ရေးကို လျှောက်ထား ခဲ့သော အဖွဲ့ဖြစ်ပါသည်။
ABSDF ကျောင်းသား တပ်မတော်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့နှင့် အလွတ် သဘော (၃) ကြိမ်၊ ကြိုတင် ပြင်ဆင်ရေး အလုပ် အဖွဲ့(၂) ကြိမ်တွေ့ဆုံဆွေးနွေး ခဲ့ကြပြီးမှ အပစ်အခတ် ရပ်စဲနိုင်ခဲ့ခြင်း ဖြစ်ပါသည်။
၄င်းတို့သည် မြဝတီမြို့၌ ဆက်ဆံရေးရုံး ဖွင့်လှစ်နိုင်ရေး အတွက် ကရင် ပြည်နယ် အစိုးရ အဖွဲ့နှင့်တွေ့ဆုံ ဆွေး နွေး ခဲ့ပြီး ဖြစ်ပါသည်။
မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား တပ်မတော်သည် ၁၉၈၈ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့က စတင် ဖွဲ့စည်း ခဲ့ပါသည်။ လက်ရှိတွင် တပ်ရင်းပေါင်း (၁၁) ရင်းခန့်ရှိပြီး မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များတို့နှင့် အတူ ပူးတွဲ စစ်ဆင်ရေးများ ဆင်နွှဲ ခဲ့ပါသည်။ ကချင်ပြည်နယ်တွင် ရှိနေသော ABSDF မြောက်ပိုင်း အဖွဲ့သည်လည်း KIO နှင့် လက်တွဲပြီး အစိုးရ စစ်ဆင်ရေး များကို ရင်ဆိုင် တိုက်ခိုက် ခဲ့ပါသည်။



