ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲ မြို့နယ်ရှိ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် ( TNLA) တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့ တို့ကြား ယမန်နေ့ ညနေပိုင်း အချိန်တွင် ရင်ဆိုင် တိုက်ပွဲငယ် ဖြစ်ပွား ခဲ့ကြောင်း (TNLA ) ၏ ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော် က ပြောသည်။
“မနေ့က ကျနော်တို့ တပ်ဖွဲ့ ဝင်တွေ လှုပ်ရှားစဉ် လာရောက် တိုက်ခိုက်လို့ တိုက်ပွဲ ပြန်ဖြစ်တယ်။ နှစ်ဖက် ထိခိုက် မှုတွေ ရှိခဲ့တယ်။ ကျနော်တို့ တပ်စခန်း တွေကို အစိုးရ တပ်တွေက လာရောက် တိုက်နေ မှတော့ နောက်ထပ် တွေ့ဆုံ ဆွေးနွေးပွဲ အတွက် ကြန့်ကြာ စေလိမ့်မယ်” ဟု ၄င်းမှ ဆိုသည်။
ကျောက်မဲ မြို့နယ် စုန်ဟင်ကျေးရွာ အနီးရှိ တအာင်း (TNLA) ၂၅၆ တပ်ဖွဲ့တို့က နမ့်လန် အခြေစိုက် အစိုးရ တပ်ဖွဲ့ ခမရ (၅၀၆) တပ်ဖွဲ့ တို့နှင့် ယမန်နေ့ ညနေ ရ နာရီ အချိန်တွင် ၁၅ မိနစ်ခန့် တိုက်ပွဲငယ် ဖြစ်ပွား ခဲ့သည်။
အစိုးရ တပ်ဘက်က ၂ ဦး ဒဏ်ရာ ပြင်းထန်စွာ ဒဏ်ရာရရှိ သွားကာ တအာင်း TNLA တပ်ဖွဲ့ ဘက်က ၁ ဦး ဒဏ်ရာ ရရှိ သွားခဲ့ ကြောင်းလည်း ဗိုလ်မှူးကြီး တားဘုန်းကျော်က ပြောသည်။
၄င်းနောက် အစိုးရ တပ်ဖွဲ့ဘက်က ပြန်လည်ဆုတ်ခွာ လိုက်သောကြောင့် တိုက်ပွဲ ရပ်ဆိုင်း သွားပါသည်။
ဤတိုက်ပွဲ ဖြစ်ပွားမှုများနှင့် ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဌာန ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူထံ ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ပြန်လည် ဖြေကြား ပေးခြင်း မရှိခဲ့ပေ။
အစိုးရ ကိုယ်စားလှယ် အဖွဲ့နှင့် တအာင်း TNLA ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံပွဲ ကျင်းပပြီး ၂၆ ရက် အကြာမှာ နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ပေါင်း (၄) ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။
တွေ့ဆုံစဉ် ကာလမှာ တအာင်း ကိုယ်စားလှယ်အဖွဲ့ ဘက်က တောင်းဆိုထားသည့် အချက် ၉ ချက် အထဲမှ နှစ်ဖက် လက်နက်ကိုင် ပဋိပက္ခ ထိတွေ့မှု လျော့ချရန် ပါရှိခဲ့သည်။
သို့သော် အစိုးရကိုယ်စားလှယ် ဦးအောင်မင်းက လာမည့် သြဂုတ်လ (၁၀) ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ ကျင်းပရန် နှစ်ဖက် တွေ့ဆုံစဉ် ကမ်းလှမ်း ချက်များ ရှိခဲ့ သော်လည်း တအာင်း ကိုယ်စားလှယ် အဖွဲ့ တို့နှင့် သြဂုတ်လ (၂၇ ) ရက်နေ့သို့ ရောက်ရှိ လာခဲ့သည့် တိုင်အောင် ပြန်လည် တွေဆုံ နိုင်ခဲ့ခြင်း မရှိပေ။
တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင် မြို့၌ ဦးအောင်မင်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့နှင့် အလွတ်သဘော တွေ့ဆုံ ခဲ့သည်။
နှစ်ဖက် ကိုယ်စားလှယ် အဖွဲ့ တို့၏ ပြည်နယ် အဆင့် တွေ့ဆုံပွဲကို ၂၀၁၃ ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့က ရှမ်းမြောက်ပိုင်း မူဆယ်မြို့တွင် ကျင်းပ နိုင်ခဲ့သည်။



