နိုင်ငံဆွေးနွေးပွဲတွင်ဖြန်ဖြေရေးအဖွဲ့အဖြစ် ပြည်ပနိုင်ငံမှကို်ယ်စားလှယ်များအားအစိုးရလက်မခံဟု ဇင်းမယ်မြို့ဆွေးနွေးပွဲတွင် အစိုးရဘက်ကပြောကြား

နိုင်ငံဆွေးနွေးပွဲတွင်ဖြန်ဖြေရေးအဖွဲ့အဖြစ် ပြည်ပနိုင်ငံမှကို်ယ်စားလှယ်များအားအစိုးရလက်မခံဟု ဇင်းမယ်မြို့ဆွေးနွေးပွဲတွင် အစိုးရဘက်ကပြောကြား
by -
ရွှေဟင်္သာ

လာမည့် စက်တင်ဘာ လဆန်းတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် အစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီတို့ နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးရန် သဘော တူညီ ခဲ့သည်ဟု ယနေ့မနက်တွင် ကျင်းပ ခဲ့သော  ထိုင်းနိုင်ငံ ဇင်းမယ်မြို့ (Yaung Conne Village) ဟိုတယ် ညှိနှိုင်း ဆွေးနွေးပွဲသို့တက်ရောက် ခဲ့သော UNFC ၏ စည်းရုံးရေးနှင့် ပြန်ကြားရေး ဌာန ဒုတိယ တာဝန်ခံ နိုင်ခွယ်ဟောင်မွန်က ဆိုပါသည်။

“ အစိုးရ ဖက်က အချိန်ဆွဲနေဟန် တူပါတယ်။ ကျနော်တို့ ဖက်ကတော့ လေ့လာ စောင့်ကြည့်ရေး အဖွဲ့နဲ့ ကြားဝင် ဖြန်ဖြေရေး အဖွဲ့ တွေပါဖို့ တင်ပြ တောင်းဆို ထားတာ ကြာပါပြီး၊ သူတို့ ဖက်က လက်မခံတာပါ။ အဓိက ကတော့ ယုံကြည်မှု တည်ဆောက်ဖို့ အတွက် ရည်ရွယ်ထား တာဖြစ်ပါတယ်” ဟုဆိုပါသည်။

UNFC သည် အစိုးရနှင့် နိုင်ငံရေး အရ ဆွေးနွေးရာတွင် ယုံကြည်မှု ရှိစေရန်  ပြည်တွင်းပြည်ပ နှစ်ခုစလုံးမှ လေ့လာသူ များနှင့် ဖြန်ဖြေရေး သမားများပါ ၀င်ရေးကို တောင်းဆို ထားပါသည်။ အထူးသဖြင့် ပြည်တွင်းမှ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)၊ ညီနောင် တိုင်းရင်းသား ညီအစ်ကိုများ ဖက်ဒရေးရှင်း (NBF) အပါအဝင် ဒေါ်အောင်ဆန်းစုကြည် တို့ ပါ၀င်ရေးကို တောင်းဆို ထားသည်ဟုဆိုပါသည်။

ထို့အပြင် ပြည်ပ ဖြန်ဖြေရေး အဖြစ် UN၊ အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ဂျပန်၊ အိန္ဒိယနှင့် ထိုင်း ကိုယ်စားလှယ်များ ပါ၀င် လာရေးကို အကြိမ်ကြိမ် တောင်းဆို ခဲ့ပါသည်။ သို့သော် သမ္မတသည် လေ့လာသူများ အဖြစ် ပြည်တွင်း တိုင်းရင်းသား အင်အားစုများနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ကိုသာ လက်ခံပြီး နိုင်ငံခြား အဖွဲ့များကိုမူ လက်မခံနိုင်ကြောင်း အစိုးရ နည်းပညာ အဖွဲ့က ဆိုပါသည်။

ထို့အပြင် UNFC သည် ၄င်းတို့ ချမှတ် ထားသော လမ်းပြမြေပုံ အခြေခံမူ (၆) ချက် အပါအဝင် နိုင်ငံတော် ဖွဲ့စည်းပုံ အသစ် ရေးဆွဲ ရာတွင် လွှတ်တော်ပြင်ပ ညီလာခံ တခုခုမှ အတည်ပြု ပေးရန် လိုလားကြောင်း ကိစ္စကို
 လာမည့် နိုင်ငံရေး ဆွေးနွေးပွဲတွင် တင်ပြမည်ဟု ဆွေးနွေးခဲ့ပါသည်။

ဤကဲ့သို့သော UNFC ၏ တင်ပြချက်များကို အထက်သို့ တင်ပြပေးမည်ဟု အစိုးရ နည်းပညာ အဖွဲ့မှ ပြန်လည် ဆွေးနွေးခဲ့ ပါသည်။ အစိုးရ နည်းပညာ အဖွဲ့သည် UNFC အဖွဲ့မှ မရှင်းလင်းသည့် အချက်များ ဖြစ်သည့် အပစ်အခတ် ရပ်စဲရေးကို ပြည်နယ်အဆင့်၌ လက်မှတ် ထိုးထား ပါလျှက်နှင့် အစိုးရ၏ အလုံးစုံ အထွေအထွေ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးရန် ထပ်မံ တောင်းဆိုသည့် ကိစ္စနှင့် တဖက်နှင့် တဖက် နားလည်မှု လွှဲနိုင်သည့် စစ်ရေး ကိစ္စများကို ပြန်လည် ဖြေကြား ခဲ့ကြောင်း ယင်းဆွေးနွေးပွဲကို တက်ရောက် ခဲ့သည့် အစိုးရ နည်းပညာ အဖွဲ့မှ ကိုညိုအုန်းမြင့်က ဆိုပါသည်။

ယင်းဆွေးနွေးပွဲသို့  UNFC နည်းပညာ အဖွဲ့ဝင် (၅) ဦး တက်ရောက်ပြီး ရခိုင် အမျိုးသားကောင်စီ (ANC)မှ UNFC နိုင်ငံခြားရေး ဌာန တာဝန်ခံ  ဒေါက်တာ ခင်မောင်က ဦးဆောင်ခဲ့ပါသည်။ အစိုးရ နည်းပညာ အဖွဲ့ကလည်း (၅) ဦး တက်ရောက်ခဲ့ပြီးဦးလှမောင်ရွှေက ခေါင်းဆောင်ပါသည်။

UNFC ၏ အထက်ပါ တောင်းဆိုမှု များသည် အစိုးရထံ အကြိမ်ကြိမ် တောင်းဆို ခဲ့သော အချက်များ ဖြစ်သည်ဟု နိုင်ခွယ် ဟောင်မွန်က ဆိုပါသည်။ အစိုးရသည် ၄င်းတို့ လိုလားသော အချက်များ မဟုတ်ပါက အချိန်ဆွဲထား တတ်သဖြင့် UNFC နှင့်နိုင်ငံရေးအရ ဆွေးနွေးမှုများ နှောင့်နှေးနေခြင်း ဖြစ်သည်ဟု ဆိုပါသည်။

အစိုးရ နည်းပညာ အဖွဲ့ကမူ တဖက်နှင့် တဖက် နားလည်မှု လွဲမှားနိုင်သည့် အချက် များကို နည်းပညာ အဖွဲ့၏ ယခုကဲ့သို့ လုပ်ငန်းပိုင်း ဆိုင်ရာ အစည်းအဝေးမှ ဖြေရှင်း ပေးနေသည်ဟု ဆိုပါသည်။

UNFC နည်းပညာ အဖွဲ့နှင့် အစိုးရ နည်းပညာ အဖွဲ့တို့သည် လာမည့် စက်တင်ဘာ လဆန်းတွင် နိုင်ငံရေး အရ ဆွေးနွေးပွဲ ကျင်းပနိုင်ရန် သဘော တူခဲ့ပြီး အသေးစိတ်ကို ထုတ်ဖေါ် ပြောဆိုခြင်း မရှိပေ။

Most read this week