UNFC ၏ Technical Team နှင့် ညှိနှိုင်း ဆွေးနွေး နိုင်ရန် အတွက် မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ Technical Team တို့ ထိုင်းနိုင်ငံ ချင်းမိုင် မြို့သို့ ရောက်ရှိ နေပြီ ဖြစ်ကာ နက်ဖြန်၌ တွေ့ဆုံ ဆွေနွေး ကြမည် ဖြစ်ကြောင်း ဦးညိုအုန်းမြင့်က ပြောသည်။
“အဓိက ကတော့ လာမယ့် စက်တင်ဘာ လဆန်း ကြရင် ဝန်ကြီး ဦးအောင်မင်းနဲ့ UNFC က တိုင်းရင်းသား ခေါင်းဆောင် တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်၊ အဲဒါ ဖွဲ့ထားတဲ့ ကျွန်တော်တို့ Technical Team က လိုအပ် တာတွေ ပြင်ဆင် နိုင်ဖို့ လာရောက် ညှိနှိုင်း တာ ဖြစ်ပါတယ်” ဟု ဦးညိုအုန်းမြင့်က ပြောသည်။
မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ Technical Team အဖွဲ့တွင် ဦးလှမောင်ရွှေ၊ ဒေါက်တာ မင်းဇော်ဦး၊ ဦးအောင်နိုင်ဦးနှင့် ဦးညိုအုန်းမြင့်တို့ လာရောက် ခဲ့ကြသည်။
၄င်း အစိုးရ၏ Technical Team အဖွဲ့အား UNFC မှ ဖွဲ့စည်း ထားရှိသည့် Technical Team အဖွဲ့ဝင်များ ဖြစ်သော ကရင် အမျိုးသား အစည်း အရုံး KNU မှ ပဒိုးမန်းမန်း က ခေါင်းဆောင်၍ ကချင်လွတ် လွတ်လပ်ရေး အဖွဲ့ KIO မှ ဗိုလ်မှူးကြီး ဂျီးနောင်၊ မွန်ပြည်သစ် ပါတီ NMSP မှ နိုင်ခွယ်ဟောင်းမွန်၊ အမျိုးသား ညီညွတ်ရေး ပါတီ ရခိုင်ပြည် NUPA မှ ဦးထွန်းဇော်၊ ကရင် အမျိုးသား အစည်းအရုံး KNU မှ သြပေါ်မူ၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီKNPP မှ ဦးအောင်ဆန်းမြင့် တို့ က လက်ခံ တွေ့ဆုံ ကြဖွယ် ရှိနေ ပါသည်။
ဆွေးနွေးမည့် အကြောင်းအရာ များထဲတွင် အစိုးရမှ ဖော်ဆောင် နေသည့် တပြည်လုံး အတိုင်းအတာ အပစ် အခတ် ရပ်စဲရေး ကိစ္စ၊ နိုင်ငံရေး ဆွေးနွေးပွဲ များ၏ လိုအပ် ချက်များ စသည့် အကြောင်း အရာ များအား အဓိကထားမည် ဖြစ်ကြောင်း ဦးညိုအုန်းမြင့်က ဆိုပါသည်။
ယခင်က ပြီးခဲ့သည့် ဇူလိုင် လကုန် အမှီ တစ်ပြည်လုံး အတိုင်းအတာ ဆောင်သော အပစ် အခတ် ရပ်စဲရေးအား အကောင်အထည် ဖော်နိုင်ရန် ရည်မှန်း ထားသော်လည်း ၄င်းမှာ ပျက်သွား ခဲ့ကာ ယခု စက်တင်ဘာ လအတွင်း ထပ်မံ ပြုလုပ် သွားမည် ဖြစ်ကြောင်း ဦးအောင်မင်းက မီဒီယာ များအား ထုတ်ဖော် ပြောကြား ထားပါသည်။
နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ မှာမူ ပြည်လုံးကျွှတ် အပစ် အခတ် ရပ်စဲရေး ပြုလုပ် ပြီးသွားမှ ဆက်လက် လုပ်ဆောင် သွားဖွယ် ရှိပြီး အချိန် ကာလ အားဖြင့်မူ မပြောနိုင် သေးသော်လည်း တစ်ပြည်လုံး အတိုင်းအတာ ဆောင်သည့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်သည့် နေ့မှသည် ၄င်းကိစ္စအား စတင် အကောင်အထည် ဖော်သွားနိုင်ဖွယ် ရှိသည်ဟု ဦးညိုအုန်းမြင့်က သုံးသပ် ပြောဆိုသည်။
စက်တင်ဘာ လဆန်းတွင် ဝန်ကြီး ဦးအောင်မင်းကိုယ်တိုင် ထိုင်းနိုင်ငံ သို့ လာရောက် တွေ့ဆုံမည် ဖြစ်ကြောင်း UNFC မှ အစောပိုင်းတွင် ရွှေဟင်္သာ သတင်းဌာနသို့ အတည်ပြု ပြောကြား ထားခဲ့ သော်လည်း နက်ဖြန် တွေ့ဆုံ ဆွေးနွေးမည့် အစီ အစဉ်အား UNFC ထိပ်သီး ခေါင်းဆောင် များထံ ယနေ့၌ ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ဖြေကြားရန် ငြင်းဆို ခဲ့ပါသည်။
ပြီးခဲ့သည့် ဇူလိုင် (၁၃) ရက်နေ့တွင် UNFC ၏ Technical Team မှ ကိုယ်စားလှယ် အဖွဲ့နှင့် မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ Technical Team အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင် မြို့၌ပင် ပထမ အကြိမ် တွေ့ဆုံ ခဲ့ကြပြီး ဖြစ်သည်။
ထိုပထမ အကြိမ် တွေ့ဆုံ ပွဲ၌ ထပ်မံ၍ ယခု သြဂုတ်လ (၂၀) ရက်နေ့ နောက်ပိုင်း ဒုတိယ အကြိမ် တွေ့ဆုံ နိုင်ကြရန် သဘောတူ နိုင်ခဲ့ ခြင်းလည်း ဖြစ်သည်။



