ပဲခူးတိုင်း၊ တောင်ငူ ခရိုင်တွင် လှုပ်ရှားနေသော ကရင် အမျိုးသား အစည်းအရုံး (KNU)၊ တပ်မဟာ (၂) သည် ၄င်းတို့ ထိန်းချုပ် နယ်မြေ၌ ရှိနေသော အစိုးရ တပ်များ ဆုတ်ပေးခြင်း မရှိပါက ဆက်ဆံရေးရုံး ထားရှိရန် မဖြစ်နိုင်သေးကြောင်း၊ KNU တောင်ငူ ခရိုင် ဥက္ကဌ စောအဲဝါးက ဆိုပါသည်။
“ အဓိက ပြသနာ ကတော့ စစ်ဆင်ရေး တပ်တွေ ဆုတ်ပေးမှ ဖြစ်မယ်လေ။ အပစ်အခတ် ရပ်စဲစဉ် ကတည်းက တောင်းထား တာလေ။ အခုထိ အစိုးရဖက်က မလိုက်လျော သေးပါဘူး။ ကျနော်တို့က တပ်နေရာ ချထားမှုတွေ ရှင်းရှင်း လင်းလင်း ဖြစ်စေချင်တာပါ” ဟု ဆိုပါသည်။
အစိုးရ တပ်များသည်၊ တပ်ဆုတ်ပေးခြင်း မရှိဘဲ အခိုင်အမာ စခန်းများ တည်ဆောက်ခြင်း၊ စစ်ဆင်ရေး တပ်များသည်လည်း ပုံမှန် လှုပ်ရှားနေခြင်းနှင့် လူထုအပေါ် အကြပ် ကိုင်မှုများ ရှိနေဆဲ ဖြစ်သဖြင့် ဖြေရှင်းရ ခက်ခဲမည်မှာ သေချာကြောင်း၊ ဤ သို့ကြောင့် တောင်းဆိုမှုများ မရရှိပါက ဆက်ဆံရေးရုံး ထားရှိရန် ခက်ခဲမည်ဟု ပြီးခဲ့သည့် မေလ (၂၉) ရက်နေ့ ဆုံးဖြတ် ခဲ့သည်ဟု ဆိုပါသည်။
KNU တပ်မဟာ (၂) ခရိုင် အတွင်း၌ အစိုးရ တပ်အင်အား (၁၇) ရင်းခန့် လှုပ်ရှားနေပါသည်။ ၄င်းတို့မှာ ဗိုလ်မှူးကြီး မောင်မောင်စိုး ဦးဆောင်သော အမှတ် (၉) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ ၉) မှ တပ်ရင်း (၇) ရင်းနှင့် ဒေသခံ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်ရင်း (၁၀) ရင်းခန့် ရှိနေပါသည်။ စုစုပေါင်း တပ်အင်အား (၂၃၀၀)ခန့် တပ်ချ ထားပါသည်။
မြေမြုပ်မိုင်း ပြသနာ ရှိနေပါသည်။ အပစ်အခတ် ရပ်စဲ စ (၂၀၁၂) နှစ်ဆန်းတွင် (၃) ကြိမ်ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ၂၀၁၃ ခု နှစ် ဆန်းပိုင်း တွင်လည်း ရိက္ခာ ပို့ဆောင်ရေး လုပ်ငန်း၌ မြေမြုပ်မိုင်းကြောင့် အစိုးရ တပ်ဖွဲ့နှင့် မကြာခဏ ပြသနာ ဖြစ်ပွားခဲ့ရ သည်ဟု ဆိုပါသည်။
မိုင်းရှင်းလင်းရေး ကိစ္စတွင်လည်း အပစ်အခတ် ရပ်စဲရေး ခိုင်မာရန် အတွက် တပ်နေရာ ချထားရေး ကိစ္စနှင့် နိုင်ငံရေး ပြသနာ ဖြေရှင်းမှုများ အာမခံ ရှိရေး၌ မူတည်သည်ဟု စောအဲဝါးက ဆိုပါသည်။
ထို့အပြင် အစိုးရ တပ်များ၏ မြေယာ သိမ်းဆည်းမှု ပြသနာ များလည်း ရှိနေပါသည်။ အမှတ် (၆) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်၊ နေပြည်တော်တိုင်း၊ ပျဉ်းမနားမြို ့ လက်အောက်ခံ တောင်ငူ ခရိုင် လိပ်သို အခြေစိုက် အမှတ်(၆၀၃) ခြေမြန် တပ်ရင်း၏ မြေသိမ်းဆည်းမှု ပြသနာ၊ ကရင်ပြည်နယ် သံတောင်မြို့ အခြေစိုက် ခလရ (၁၂၄)၏ တပ်မြို့ တည်ဆောက်ရေးနှင့် လေ့ကျင်းရေးကျောင်း မြေသိမ်းမှု၊ ထန်းတပင်မြို့ အရှေ့ဖက် (၃) မိုင်တွင် ရှိသော ချောင်းမငယ်၌ စစ်ဖက်လေ ယာဉ်ကွင်း တည်ဆောက်ရေး၊ လက်နက်ကြီး လေ့ကျင့်ရေး ကွင်းနှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မ ခလရ (၃၉) ၊ ခလ ရ(၄၈)၊ ခလရ (၁၂၄)နှင့် ခလရ (၇၃) တပ်များကလည်း စုစုပေါင်း ဧကထောင်ချီ သိမ်းဆည်း ထားသော ပြသနာရှိ နေပါသည်။
အုပ်ချုပ်ရေး နယ်ပယ် တွင်လည်း ခရိုနီများအား ဦးစားပေးသည့် စနစ်ပြသနာ၊ အင်းခွန်၊ လယ်ခွန်နှင့် အခွန်ကောက်ခံမှု ပြသနာများ ရှိနေသည်ဟု ဆိုပါသည်။ ဤသို့သော အခြေအနေတွင် KNU တပ်မဟာ (၂) အနေဖြင့် ဆက်ဆံရေးရုံး ထားရှိရန် မသင့်တော်သေးဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။
KNU သည် ၂၀၁၂ ခုနှစ် ဇန္နာဝါရီလ (၁၂) ရက်နေ့တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပါသည်။ အပစ်အခတ် ရပ်စဲစဉ် KNU သည် ၄င်းတို့ ထိန်းချုပ် နယ်မြေ၌ရှိနေသော အစိုးရ တပ်စခန်းပေါင်း (၃၀၀) နီးပါးထဲမှ တရာခန့်ကို ဆုတ်ခွာ ပေးရန် တောင်းဆိုခဲ့ပါသည်။
တောင်းဆိုချက်များ ရရှိရန်အတွက် KNU သည် သမ္မတ အပါအဝင် ကာကွယ်ရေး ဦးစီးချုပ်ထံ တောင်းဆို ခဲ့ပါသည်။ သို့သော်လည်း မလိုအပ်သေးပါဟု အစိုးရဖက်မှ တုန့်ပြန်ပြောဆို ခဲ့ကြောင်း KNU အရာရှိကြီး တဦးက ဆိုပါသည်။ မည်သို့ ပင်ဆိုစေ KNUသည် ငြိမ်းချမ်းရေး အရှည် တည်တန့် ခိုင်မြဲရန် ကြိုးပမ်း သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာချက် များက သဘောထား ခဲ့ပေသည်။



