တအာင်း လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အစိုးရ ကွတ်ခိုင် အခြေစိုက် ခလရ တပ်ရင်း ( ၄၅) တပ်ဖွဲ့တို့ ၂၄ ရက်နေ့ ညနေ (၃) နာရီ (၁၅) မိနစ်က ရှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် နမ့်စန့် (တွန်ဟုန်) ကျေးရွာ အနီးတွင် ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) ဗဟို ကော်မီတီဝင် မိုင်အိုက်ညမ်းမှ ဆိုပါ သည်။
“ ကျနော်တို့ စစ်ကြောင်းက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်း အတွက်လူထု စည်းရုံးရေး ဆင်းနေစဉ် ပန်ဆေး ပြည်သူ့ စစ်နဲ့ အစိုးရ တပ်တွေက လိုက်လံ တိုက်ခိုက် ခဲ့တာပါ။ အဲဒီလို တိုက်ပွဲ ဖြစ်ခဲ့တော့ ရွာတွေမှာ ရှိတဲ့ ကျနော်တို့ရဲ့ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး ဆိုင်းဘုတ်တွေကို လိုက်ဖျက် လိုက်ပါတယ်” ဟု ဆိုပါသည်။
အစိုးရ တပ်များသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားနေသည့် TNLA အမှတ် (၅၂၇) တပ်ဖွဲ့အား လိုက်လံ တိုက်ခိုက်နေပြီး တိုက်ပွဲသည် (၂) နာရီခန့် ကြာကြောင်း၊ ထိခိုက်သေဆုံးမှု တော့မသိရသေးကြောင်း ဆိုပါသည်။
ဤတိုက်ပွဲကြောင့် အစိုးရ ခလရ (၄၅) တပ်ဖွဲ့နှင့် ပန်ဆေး ပြည်သူ့စစ်တို့သည် TNLA နှင့် ကျေးရွာ လူထုများ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်းဘုတ်များကို လိုက်လံ ဖျက်ဆီး ခဲ့ပါသည်။ ဤအထဲတွင် နမ့်ခမ်းမြို့နယ် ကျယ်နေကျေးရွာ နှင့် နမ်းကြပ် ကျေးရွာ အပါအဝင် ပတ်ဝန်းကျင် ကျေးရွာပေါင်း (၅)ရွာခန့် အဖျက်ဆီး ခံခဲ့ရပါသည်။
ပန်ဆေး ပြည်သူ့ စစ်များကမူ ၄င်းတို့ ထိန်းချုပ်သော ဒေသကို တားဆီး ပိတ်ပင်ခွင့် ပေးမှာ မဟုတ်ကြောင်း၊ တားဆီးချက် မှန်သမျှ ပယ်ချမည်သာ ဖြစ်ကြောင်း သဘောထား ခဲ့သည်ဟု ကျယ်နေကျေးရွာ ဒေသခံ တဦးက ဆိုပါသည်။
TNLA သည် ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး၏ ဆုံးဖြတ်ချက်နှင့် အညီ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် မိမိတို့ ထိန်းချုပ် နယ်မြေအတွင်းတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီးမံကိန်းများ ထိရောက်စွာ အကောင်အထည် ဖော်ရန် ဆောင်ရွက်နေသည်ဟု ဆိုပါသည်။
အထူးသဖြင့် ပန်ဆေး ပြည်သူ့စစ်များသည် ၄င်းတို့ သတ်မှတ် နယ်မြေ အတွင်း TNLA မှ မူးယစ်ဆေးဝါး ပညာပေးရန် ချဉ်းကပ် လာပါက ပစ်ခတ်တိုက်ခိုက်လေ့ ရှိခဲ့ပါသည်။ တိုက်ပွဲ တိုင်းတွင်လည်း အစိုးရ တပ်များနှင့် ပန်ဆေးပြည်သူ့စစ် တပ်ဖွဲ့များက အမြဲ ပူးတွဲ ပါ၀င်လေ့ ရှိသည့် အပြင် ဘိန်းထွက်ချိန် ကာလမျိုးတွင် လည်း စစ်ဆင်မှုများပါ ဆင်နွဲခဲ့ကြကြောင်း TNLA တို့က ဆိုပါသည်။
တအာင်း လူငယ်များ၏ (၇၀) ရာနှုန်းသည် မူးယစ်ဆေးဝါး သုံးစွဲနေကြကြောင်း တအာင်း ကျေားင်းသား အဖွဲ့စစ်တမ်းက ဆိုပါသည်။ ထို့အပြင် မူးယစ်ဆေးဝါးနှင့် အတူ လူမှုပြသနာများ ရှုတ်ထွေး လာပြီး အမျိုးသားရေး ကိုပါ ထိခိုက် ကြောင်း ၄င်းတို့က ဆိုပါသည်။ ဤသို့ကြောင့် PSLF သည် မူးယစ်ပြသနာကို အမျိုးသားရေး ပြသနာ အဖြစ် ခံ ယူပြီး ဦးစားပေး တိုက်ဖျက် လာခဲ့ ခြင်းဖြစ်ကြောင်း ဆိုပါသည်။
ဤသို့ကြောင့် PSLF သည် ၂၀၁၂ ခုနှစ်မှ စပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်းများ စတင် အကောင်အထည်ဖေါ် ခဲ့ပါသည်။ ဤအချိန်မှ စပြီး တိုက်ပွဲ များလည်း တဖြည်းဖြည်း များလာ ခဲ့သည်ဟု ဆိုပါသည်။ TNLA သည် ဘိန်းစိုက် တောင်သူများကို ပညာပေးခြင်း၊ ဘိန်းချက်ရုံနှင့် ဘိန်းခင်းများ ဖျက်ဆီးခြင်း အပြင် ဘိန်းကုန်ကူးသူ များကိုပါ အရေးယူ ခဲ့သည်ဟုဆိုပါသည်။



