အစိုးရ၏ တစ်ပြည်လုံး အတိုင်းအတာ ဆောင်သည့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ပွဲကို ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ KIO ထံ တရားဝင် အကြောင်း ကြားမှုများ မရှိကြောင်း KIO ၏ တွေ့ဆုံ ဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင် ဆရာ ဆွမ်လွတ်ဂမ်က ပြောသည်။

“တစ်ကယ်တော့ အစိုးရ ဘက်က တစ်နိုင်ငံလုံး အတိုင်းအတာ ဆောင်တဲ့ အပစ်အခတ် ရပ်စဲ ရေးကိုကြေငြာ ပေးလိုက် ယုံနဲ့ ပြီးသွားတဲ့ ကိစ္စပါ၊ ဒါပေမယ့် အရင် မလုပ်ပေး ဘဲနဲ့ တရားဝင် ထုတ်ပြန်ချက် မရှိဘဲဟိုဟာ လုပ်မယ် ဒီဟာလုပ် မယ် ပြောဆို နေတဲ့ အပေါ်မှာ ကျနော် တို့မှာ တွေးစရာ ဖြစ်လာ ရတယ်” ဟုဆိုပါသည်။
အစိုးရ၏ တစ်နိုင်ငံလုံး အတိုင်းအတာ ဆောင်သော အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲကို လာမည့် အောက်တိုဘာလတွင် နေပြည်တော်၌ ကျင်းပ နိုင်ရန် ကြိုပမ်းလျက် ရှိကြောင်း ဦးအောင်မင်းက မီဒီယာ များအား ထုတ်ဖော် ပြောကြား ခဲ့ပြီး ဖြစ်သည်။
ယင်းအောက်တိုဘာလ မတိုင်မီတွင် ဝန်ကြီး ဦးအောင်မင်းသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ငြိမ်းချမ်းရေး အပြီးသတ် ဆွေးနွေးရန် ရှိသည်ဟု သြဂုတ် ၂၅ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် ထုတ်ဖော် ပြောကြား ခဲ့ပါသည်။
KIO အဖွဲ့ အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ ဆောင်သည့် အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် မေလကုန်၌ ဝန်ကြီး ဦးအောင်မင်း တို့နှင့် မြစ်ကြီးနား၌ တွေ့ဆုံစဉ် မေးမြန်း ခဲ့ပါသည်။ ဤမေးမြန်း ချက်အပေါ် ယနေ့အထိ ဦးအောင်မင်း အနေဖြင့် ပြန်လည် ဖြေကြား ပေးခဲ့ခြင်း မရှိကြောင်း ဆရာ ဆွမ်လွတ်ဂမ်က ပြောသည်။
မြစ်ကြီးနားမြို့ တွေ့ဆုံ ပွဲမှရရှိ ထားသည့် နှစ်ဖက် သဘော တူညီချက် (၇) ချက် ထဲမှ မည်သည့် အချက်များ ဆွေးနွေး မည်ကို အစိုးရမှဆွေးနွေး လိုသည့် အချက် အပေါ် ၌ပင် KIO ဘက်က ပြင်ဆင်မှုများ ဆက်လုပ် သွားရန် ရှိသည်ဟု ဆိုသည်။
KIO နှင့် အစိုးရ အဖွဲ့ တို့၏ နှစ်ဖက် ဆွေးနွေးပွဲ ဖြစ်မြောက်ရန် KIO Technical Team (၅) ဦး ကော်မတီက ညှိနှိုင်းရေး အတွက် ကြားဝင် ဆောင်ရွက်ပေးရသည့် အဖွဲ့ ဖြစ်ကြောင်းလည်း ဆက်ပြောကြား သွားသည်။
ကချင် ပြည်နယ် မြစ်ကြီးနား မြို့တွင် KIO Technical Team ကို ဇွန်လ ၂၉ ရက်နေ့က KIO ၏ ဗဟို ဦးဆောင် ကော်မတီ အဖွဲ့မှ အတည်ပြု ခဲ့ပြီး ၄င်းတို့၏ ရုံးကို ဇူလိုင်လ ၂၃ ရက်နေ့က ဖွင့်လှစ်ခဲ့ရာ တစ်လခန့် ကျော်လွန် သွားသည့် တိုင်အောင် အစိုးရနှင့် KIO Technical Team တို့က နှစ်ဖက် ပြန်လည် တွေ့ဆုံ နိုင်ခဲ့ခြင်း မရှိ သေးကြောင်း KIO Technical Team မှ ပြောခွင့်ရ ဆရာ ဒေါင်ခန့်က ပြောသည်။
KIO သည် အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့နှင့် ကချင်ပြည်နယ် အတွင်း ဖြစ်ပွား နေသော တိုက်ပွဲများ လျှော့ချရေး အတွက် တရားဝင် (၉) ကြိမ်နှင့် အလွတ်သဘော (၅) ကြိမ်ခန့် တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး ဖြစ်ပါသည်။ သို့သော်လည်း တိုက်ပွဲ များသည် ယနေ့ အထိ ရှိနေ ဆဲပင် ဖြစ်ပါသည်။
KIO/KIA သည် ၁၉၉၄ ခုနှစ် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ရယူ ခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် နှစ်ဖက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ခဲ့ကြသည်။



