အပစ်ရပ် သဘော တူညီချက်များ အကောင်အထည် ဖော်နိုင်မှု အားနည်းဟု RCSS သုံးသပ်

အပစ်ရပ် သဘော တူညီချက်များ အကောင်အထည် ဖော်နိုင်မှု အားနည်းဟု RCSS သုံးသပ်
by -
ရွှေဟင်္သာ

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ တို့အကြား အပစ်အခတ် ရပ်စဲရေး ရရှိ ထားကြ သော်လည်း သဘောတူညီ ချက်ပါ အချက် အလက် များကို အကောင်အထည် ဖော်ရာတွင် အားနည်း နေကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီမှ ထောက်ပြ ပြောဆို ခဲ့ပါသည်။

“ပဏာမ အပစ်အခတ် ရပ်စဲရေးကို လုပ်ထားပြီးတော့ စာရွက် ပေါ်မှာဘဲ ရှိသေးတယ်။ အပစ် အခတ် ရပ်စဲရေး လောက်ဘဲ ပြောထားတယ်။ တိုက်ပွဲတွေ ဆက်ဖြစ် နေဆဲပါ။ တကယ့် လက်တွေ့ ကျကျမှာ လုပ်ဆောင်ဖို့ အကောင်အထည် ဖော်ဖို့ အတော့်ကို အခက်အခဲ ဖြစ်နေ ပါတယ်” ဟု RCSS/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်ဆိုင်က ယနေ့တွင် ရွှေဟင်္သာ သတင်း ဌာနသို့ ပြောကြား ခဲ့သည်။

ထိုအပစ် အခတ် ရပ်စဲရေး သဘော တူညီချက် များထဲမှ ဆက်ဆံရေး ရုံးများ ဖွင့်လှစ် ရေးကိုသာ လွယ်ကူစွာ အကောင်အထည် ဖော်နိုင် ခဲ့ပါသည်။

အခြားချက်များဖြစ်သော ဒေသ ဖွံ့ဖြိုးရေး၊ တပ်နေရာ ချထားရေး၊ အခြေစိုက် နယ်မြေ သတ်မှတ်ရေး၊ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး စသည့် သဘော တူညီချက် များကိုမူ အများစု မဖော်ဆောင် နိုင်ပဲ ရှိနေကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်က ပြောသည်။

အဓိက နှစ်ဖက် တပ်များ ထိတွေ့ တိုက်ပွဲ ဖြစ်နေခြင်းနှင့် စပ်လျဉ်း၍  တပ်နေရာ ချထား ရေးနှင့် အခြေခံ နယ်မြေ သတ်မှတ်ရေး တို့မှာ အဓိက ကျသည့် အချက်များ ဖြစ်ပေသည်။

RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်မှ ပြီးခဲ့သည့် ဇွန်လဆန်းမှ စ၍ မိမိတို့ အောက်ခြေ တပ်များအား မြန်မာ့ တပ်မတော် အောက်ခြေ တပ်များနှင့် တိုက်ရိုက် ဆက်သွယ်ကာ ထိတွေ့ တိုက်ပွဲများကို လျှော့ချ နိုင်ရေး ညွှန်ကြား ထားသော်လည်း တိုက်ပွဲများ ဖြစ်ပွား နေဆဲ ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်က ပြောသည်။

“ဒီလ ၂၂ ရက်နေ့မှာ မိုင်းပန် မြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွား ခဲ့တယ်။ ကျနော်တို့ ဘက်က ၃ ဦးကျတယ်။ ၄ ဦးဒဏ်ရာ ရရှိခဲ့တယ်။ အစိုးရ ဘက်က ၁ ဦး ကျသွားတယ်။ ကျနော်တို့ ရှိတဲ့ တောကို သူတို့က စစ်ကြောင်းနဲ့ တိုးလာတော့ နှစ်ဖက် ရင်ဆိုင် မိပြီး တိုက်ပွဲတွေ ဖြစ်ပွား ခဲ့ကြတယ်။ မိုင်းကိုင် အခြေစိုက်တဲ့ တပ်တွေလည်း ပါတယ်။ လင်းခေး ခြေစိုက်တဲ့ တပ်တွေလည်း ပါတယ်” ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်က ပြောသည်။

ထိုကိစ္စအား ဦးအောင်မင်းနှင့် တွေ့ဆုံ ခဲ့စဉ် က တင်ပြရာ ဦးအောင်မင်းက အောက်ခြေ စစ်တပ်များ လှုပ်လှုပ် ရှားရှား မလုပ်ကြ ရန်နှင့် ပြသနာအား အထက် လူကြီး များမှ တဆင့် ထပ်မံ တွေ့ဆုံကာ ဖြေရှင်း သွားရန် ပြောကြားကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်က ပြောသည်။

တပြည်လုံး အတိုင်းအတာ ဆောင်သည့် အပစ်အခတ် ရပ်စဲရေး ဖြစ်လာရန်  အစိုးရမှ ဖော်ဆောင် ပေးရန် တာဝန် ရှိသည်ဟု RCSS မှ သုံးသပ် ထားပါသည်။

သို့သော်လည်း သမ္မတ၊ လွှတ်တော်၊ နိုင်ငံရေး ပါတီများ အစိုးရ တပ်မတော် စသည့် ကိုယ်စားလှယ်များ ရှေ့မှောက်၌ လက်မှတ် ရေးထိုး နိုင်မှသာ ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေး ဖြစ်နိုင်မည် ဟုလည်း ဆိုပါသည်။

ထိုတပြည်လုံး အတိုင်းအတာ အပစ် အခတ် ရပ်စဲရေး ကိစ္စအား အစိုးရ ကိုယ်စားလှယ် များနှင့် ဆွေးနွေး နိုင်ရန် အတွက် အစိုးရ ကိုယ်စားလှယ် များ၏ ဖိတ်ခေါ်ချက်ဖြင့် မိမိတို့ RCSS အဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိ နေခြင်း ဖြစ်ကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းနှင့်လည်း   သြဂုတ်လ (၁၂) ရက်နေ့က ရန်ကုန် မြို့၌ တွေ့ဆုံ ခဲ့ပြီး ဖြစ်ကြောင်း၊ သြဂုတ်လ ၁၉ ရက်နေ့က ကရင်အမျိုး သား ပါတီ (KPP), ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ (UNA) တို့အား လညး်ကောင်း၊ ၂၀ ရက်နေ့၌ ငြိမ်းဖောင်ဒေးရှင်း အဖွဲ့အားလည်းကောင်း၊  ၂၁ ရက်နေ့၌ ကရင်လူငယ် ကွန်ရက် အဖွဲ့အားလည်း ကောင်း တွေ့ဆုံ ခဲ့ပြီး ဖြစ်ကြောင်း ဗိုလ်မှူးလောင်ဆိုင်ကပြောပါသည်။

ထပ်မံ ၍လည်း ၂၃ ရက်နေ့၌ တိုင်းရင်းသား ပူးပေါင်း ဆောင်ရွက်ရေး WGEC အဖွဲ့အနေဖြင့် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ အားလည်းကောင်း၊ ၂၄ ရက်နေ့၌ မြန်မာ့ ငြိမ်းချမ်ရေး စင်တာ၌ ကျင်းပသည့် Peace Forum ပွဲအား လည်းကောင်း၊ ၂၅ ရက်နေ့၌ ငြိမ်းဖောင်ဒေးရှင်းမှ ပြုလုပ်သည့် Forum တစ်ခု အားလည်းကောင်း တက်ရောက် ခဲ့ပြီး ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်က ပြောသည်။

 လာမည့် သြဂုတ်လ (၃၁) ရက်နေ့တွင်မူ ဒု-သမ္မတ စိုင်းမောက်ခမ်း နှင့်  တွေ့ဆုံ သွားရန် ရှိကြောင်း ထုတ်ဖော် ပြောကြား ထားပါသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ပဏာမ အပစ် အခတ် ရပ်စဲရေးအား ပြည်နယ် အဆင့်နှင့် အများစု လက်မှတ် ရေးထိုး သဘောတူ ထားကြကာ နိုင်ငံရေးနှင့် ဆက်စပ်သည့် အခြား ပြသနာများကို ဖြေရှင်း နိုင်ရန် အတွက် ပြည်ထောင်စု အဆင့် လက်မှတ် ရေးထိုး ထားကြသည်။

ပြည်နယ် အဆင့် ပဏာမ အပစ် အခတ် ရပ်စဲရေးသာ ရရှိ သေးပြီး ပြည်ထောင်စု အဆင့်ဖြင့် လက်မှတ် မရေးထိုး နိုင်သည်း အဖွဲ့မှာ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP), ကရင် ငြိမ်းချမ်းရေး ကောင်စီ KNU/KNLA (PC), နာဂ အဖွဲ့ တို့ဖြစ်ပါသည်။

Most read this week