ရှမ်းပြည် မြောက်ပိုင်းရှိ ကချင်ပြည် လွပ်မြောက်ရေး တပ်မတော် အခြေစိုက် တပ်မဟာ (၄) တွင် ယမန် နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း တပ်မဟာ (၄) တပ်မှူးက ပြောသည်။
“မနေ့က ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲ ဘက်မှာ ရှိတဲ့ ကျနော်တို့ KIA တပ်မဟာ (၄) ၊ တပ်ရင်း (၂) ၊ တပ်ခွဲ (၂) နဲ့ တာမိုးညဲမှာ ခြေစိုက်တဲ့ အစိုးရ တပ်ဖွဲ့ တွေနဲ့ တိုက်ပွဲ ဖြစ်ပွား ခဲ့တယ်။ ထိခိုက် ဒဏ်ရာ ရရှိမှုတွေ မသိရှိ ရသေးပါဘူး” ဟု ဆိုသည်။
သြဂုတ်လ (၁) ရက်နေ့မှ စပြီး ရှမ်းပြည်နယ် မြောက်ဘက်ရှိ တပ်မဟာ (၄) ၌ ယနေ့အထိ တိုက်ပွဲပေါင်း (၁၅) ကြိမ် ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။
ထို့ပြင် ကချင်ပြည်နယ် အရှေ့ မြောက်ဘက်ရှိ လောခေါင်မြို့နယ် တပ်မဟာ (၁) ဒေသ ၌လည်း ပြီးခဲ့သည့် သြဂုတ်လ (၁၇) ရက်နေ့နှင့် (၁၉) ရက်နေ့ များတွင် အလားတူ တိုက်ပွဲ များ ဖြစ်ပွား ခဲ့ပါသည်။
ဤကဲ့သို့သော တိုက်ပွဲများ လျော့ချ နိုင်ရန် အတွက် အဓိက ရည်ရွယ်၍ နည်းပညာ အထောက် အကူပြု အဖွဲ့ရုံးကို ဇူလိုင်လ ၂၃ ရက်နေ့၌ စတင် ဖွင့်လှစ် ခဲ့သည်မှာ ယနေ့တွင် တစ်လ ပြည့်ခဲ့ပြီ ဖြစ်သည်။
နည်းပညာ အထောက် အကူပြုရုံး ဖွင့်လှစ် နိုင်သည်ဟု ဆိုသော်လည်း KIO ဘက်မှ ရည်မှန်း ထားသည့် တင်းပြည့် Technical Team အဖြစ် မဖွဲ့စည်း နိုင်သေးပဲ လက်ရှိ၌ KIA မှ ကိုယ်စားလှယ် (၁၂) ဦးတို့ဖြင့်သာ နည်းပညာ အထောက် အကူပြု အဖွဲ့ရုံးကို လည်ပတ်လျက် ရှိသည်။
ထပ်မံ လိုအပ် နေသည့် အထောက် အကူပြု အကြံပေး ပုဂ္ဂိုလ်များ၊ ပညာရှင်၊ ပြည်သူ လူထုများ ပါဝင်သည့် (၁၅) ဦး ကော်မီတီ ကိုမူ ယနေ့ အထိ ဖွဲ့စည်း နိုင်သေးခြင်း မရှိပေ။
ထို့ပြင် နည်းပညာ အထောက်အကူပြု အဖွဲ့ အနေဖြင့် နှစ်ဖက် တိုက်ပွဲများ ရပ်ဆိုင်း နိုင်ရေး အတွက်လည်း နည်းပညာ အထောက် အကူပြု အဖွဲ့များ ကြားဝင် စေ့စပ် ညှိနှိုင်း ပေးနိုင်သေးခြင်း မရှိ သေးကြောင်း နည်းပညာ အထောက်ကူပြု အဖွဲ့၏ ပြောခွင့်ရ ဆရာဒေါင်ခန့် က ပြောသည်။
“KIA လိုင်ဇာ ဗဟို ဌာနချုပ် ကနေ တိုက်ပွဲ ဖြစ်နေတာကို ညှိနှိုင်း စေ့စပ် ပေးဖို့ ကျနော်တို့ Technical Team ကို ညွှန်ကြားချက် ပေးပို့ လာခြင်းမျိုး မရှိသေးဘူး” ဟု ဆရာ ဒေါင်ခန့်က ပြောသည်။
ထိုအချက်အား အတည်ပြု နိုင်ရန် အတွက် KIO/KIA လိုင်ဇာဗဟို ဌာနချုပ်ကို ဆက်သွယ် မေးမြန် သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။
တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေဆဲ ရှိသလို နည်းပညာ အထောက်အကူပြု အဖွဲ့ အနေနှင့်လည်း နှစ်ဖက် တပ်ဖွဲ့များအား ညှိနှိုင်း ပေးနိုင် သေးခြင်း မရှိသေး သည့် အတွက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားမည့် အလားအလာ ရှိနေပါသည်။
အစိုးရသည် အပစ်အခတ် ရပ်စဲ ထားသော KIO အဖွဲ့အား ၂၀၁၁ ခုနှစ် ဇွန်လ၌ စတင် တိုက်ခိုက် ခဲ့ပါသည်။ ဤတိုက်ခိုက်ချိန်မှ စ၍ ပြန်လည် ဖြေရှင်းရန် တရားဝင် (၉) ကြိမ်နှင့် အလွတ် သဘော (၅) ကြိမ်ခန့် တွေ့ဆုံ ဖြေရှင်း ခဲ့ပြီး ဖြစ်ပါသည်။ သို့သော်လည်း ယနေ့ အထိ မပြေလည် နိုင်ကြသေးပဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေခြင်း ဖြစ်ပါသည်



