မွန်လူဦးရေ စာရင်းကို စက်တင်ဘာ လလယ်တွင် ရန်ကုန်တိုင်း၌ ကောက်ခံရန်ရှိ

မွန်လူဦးရေ စာရင်းကို စက်တင်ဘာ လလယ်တွင် ရန်ကုန်တိုင်း၌ ကောက်ခံရန်ရှိ
by -
ရွှေဟင်္သာ

ရန်ကုန်တိုင်း ဒေသကြီး များအတွင်း နေထိုင်သည့် မွန်လူမျိုးများ မှတ်ပုံတင် များ၌ အမည်လွဲ ဖော်ပြ ထားသည့် အပေါ်  ပြင်ဆင် နိုင်ရေး အတွက် သန်းခေါင် စာရင်း ကောက်ယူမည့် အစီ အစဉ်သည် စက်တင်ဘာ ဒုတိယ အပတ်၌ လုပ်ငန်း စတင် နိုင်မည် ဖြစ်ပြီး အလုံ မြို့နယ်မှ စတင်၍ ကောက်ယူ သွားမည် ဖြစ်ကြောင်း မွန်လူဦးရေ စာရင်း ကောက်ယူရေး အဖွဲ့ ဒါရိုက်တာ ဦးမင်းစိုးအောင်က ပြောသည်။

“ဒီလုပ်ငန်း အကောင် အထည် ဖော်ဖို့ ဝန်ထမ်း တွေလည်း ခန့်ပြီးပြီ၊ အခုတော့ စာရင်း ကောက်နိုင်ဖို့ သင်တန်းတွေ ပေးတော့မယ်၊ မြို့နယ်တွေ ခွဲပြီးတော့ Volunteer တွေနဲ့ ပေါင်းပြီး စာရင်း စကောက် နိုင်ဖို့ စီစဉ် နေတယ်၊ စက်တင်ဘာ ဒုတိယ အပတ် လုပ်ငန်း စနိုင်မှာပါ” ဟု ဦးမင်းစိုးအောင်က ပြောသည်။

သန်းခေါင်စာရင်း ကောက်ယူ ရေးနှင့် ပတ်သက်၍ လိုအပ်သည့် အချက်အလက်များ အပြည့်အဝ ရရှိ စေရေး အတွက် ဝန်ထမ်းများ လိုအပ်သည့် အရည်အချင်း ရရှိရန် သြဂုတ်၂၄ ရက်နှင့် ၂၅ ရက် များတွင် စာရင်း ကောက်ယူရေး ကျွှမ်းကျင်သူမှ စတင်၍ သင်တန်း ပေးမည် ဖြစ်သည်။

ယခု ခန့်အပ် ထားပြီး ဖြစ်သည့် ဝန်ထမ်း (၄၇) ဦး ရှိပြီ ဖြစ်ကာ ၄င်းတို့အား သင်တန်း ပေးနေလျက်ရှိပြီး ထိုမှ တဆင့် ရန်ကုန်တိုင်း ဒေသကြီးတွင်းရှိ မြို့နယ် အသီးသီး တို့တွင် နေထိုင်သည့် မွန်လူမျိုး Volunteer များဖြင့် စုပေါင်းကာ လူအင်အား (၁၀၀) ကျော်ဖြင့် စာရင်း ကောက်ယူခြင်း လုပ်ငန်းကို စတင် အကောင်အထည် ဖော်သွားမည် ဖြစ်သည်။

ထိုလုပ်ငန်း စဉ်တွင် နိုင်ငံသား စိစစ်ရေး ကဒ်ပြား၌ မွန်လူမျိုး ဖြစ်သော်လည်း အခြားလူမျိုး အမည် အဖြစ် မှားယွင်း ရေးသား ထားသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံသား စိစစ်ရေး ကဒ်ပြားတွင် မွန်လူမျိုးဟု ဖော်ပြ ထားသော်လည်း သန်းခေါင် စာရင်းတွင် မွန်လူမျိုးဟု ဖော်ပြခွင့် မရသည့် သူများ၊ မွန်အိမ်ထောင် ဦးစီးနှင့် အခြား လူမျိုး တိုင်းရင်း သားများ အိမ်ထောင် ကျကာ ရရှိ ထားသည့် သားသမီးများ၊ ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ နေထိုင် နေကြသည့် မွန်များ စသည့် (၄) မျိုးတို့ကို ပစ်မှတ် ထား၍ အချက်အလက် ကောက်ယူ သွားမည် ဖြစ်သည်။

၄င်းလုပ်ငန်း အကောင်အထည် ဖော်ရန် အတွက် ဦးဆောင် ကော်မီတီအား ရန်ကုန်တိုင်း ဒေသကြီး တွင်း၌ နေထိုင် သည့် မြို့မိ မြို့ဖ (၁၁) ဦးဖြင့် ဖွဲ့စည်း ထားပါပြီး လုပ်ငန်း အောင်မြင်ရေး အတွက် အကြံပြု နိုင်မည့် သီးခြား အကြံပြု အဖွဲ့လည်း ဖွဲ့စည်း ထားပြီး ဖြစ်သည်။

အဆိုပါ လုပ်ငန်းအား အကောင် အထည်ဖော်ရန် အတွက် လုပ်ငန်း စီမံချက် တစ်ခုကို ရေးဆွဲ ထားပြီး မြန်မာ ကျပ်ငွေ သိန်းပေါင်း ၂၅၀ ခန့် ကို လုပ်ငန်း၌ အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။

ထို လိုအပ်သည့် စီမံကိန်း ဘတ်ဂျက် ကိုလည်း ကိုယ်ထူ ကိုယ်ထ ဖြင့်ပင် ရန်ကုန် မြို့နေ မွန်စီးပွားရေး လုပ်ငန်း ရှင်များ အခြား စေတနာ သဒ္ဓါ တရား ရှိသည့် ပုဂ္ဂိုလ် များမှ ထည့်သွင်း လှူဒါန်းကြပြီး လက်ရှိ၌ စီမံကိန်း ဘတ်ဂျက်၏ သုံးပုံ နှစ်ပုံခန့် (သိန်း ၁၆၀) ကျော် ရရှိထားပြီး ဖြစ်ကြောင်း ဦးမင်းစိုးအောင်က ပြောသည်။

လုပ်ငန်းစဉ် များလည်း စနစ်တကျ ချမှတ် ထားပြီး ဖြစ်၍ လုပ်ငန်း စတင်နိုင်ရန် အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကာ ၄င်း လုပ်ငန်းစဉ် အောင်မြင်မည်ဟု သုံးသပ်ကြောင်း ဦးမင်းစိုးအောင်က သုံးသပ်သည်။

ပြီးခဲ့သည့် ဇူလိုင် လလယ် ခန့်က မွန်လူမျိုး လူဦးရေ စာရင်း ကောက်ယူရေး စီမံချက်အရ စမ်းသပ် ကောက်ယူ ခဲ့ရာတွင် မွန်အိမ်ထောင်စု ၃၀ ၌ ၁၀ စုသာ မှတ်ပုံ တင်နှင့် သန်းခေါင် စာရင်းတွင် မွန်လူမျိုးဟု စာရင်း အမှန် တွေ့ရှိ ခဲ့ရသည်။

သို့သော်လည်း ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မွန်လူဦးရေသည် တစ်နိုင်ငံလုံး လူဦးရေ၏ ၀ ဒသမ ၀၁ ရာခိုင် နှုန်းထက် ကျော်လွန်ကြောင်း ဟု ဦးမင်းစိုးအောင်က ပြောသည်။

မွန်လူမျိုး လူဦးရေ စာရင်း ကောက်ယူရေး စီမံချက် ပြုလုပ်ရသည့် ရည်ရွယ် ချက်မှာ လာမည့် ၂၀၁၅ ရွေးကောက် ပွဲတွင် မွန်လူမျိုး လွှတ်တော် အမတ် ပေါ်ထွက် လာစေရန် ဖြစ်သည်။

Most read this week