နေရပ်ပြန်ရေး ဒုက္ခသည်များ ဆန္ဒအရ သာဖြစ်သင့် စခန်းသုံးလပတ်အစည်းအဝေးတွင်ဆုံးဖြတ်

နေရပ်ပြန်ရေး ဒုက္ခသည်များ ဆန္ဒအရ သာဖြစ်သင့် စခန်းသုံးလပတ်အစည်းအဝေးတွင်ဆုံးဖြတ်
by -
ရွှေဟင်္သာ

နေရပ် ပြန်ရေးကို မိမိတို့ ဆန္ဒ အလျောက်သာ ဖြစ်သင့်သည်ဟု ထိုင်းမြန်မာ နယ်စပ်ရှိ ထာ့ဆောင်ယမ်း ခရိုင် မဲ့စရီးယန်း မြို့ တွင် (၃) ရက်ကြာ ကျင်းပခဲ့သည့် ဒုက္ခသည် စခန်း များ၏ (၃) လပါတ် အစည်းအဝေးတွင် ဆုံးဖြတ် ခဲ့သည်ဟု ယင်း အစည်းအဝေးကို တက်ရောက် ခဲ့သော ကရင် ဒုက္ခသည်များ ကော်မီတီ (KRC) ၀င် တဦးမှ ဆိုပါသည်။

“ ဒီအစည်းအဝေးကို အဖွဲ့ပေါင်းစုံ ပါ၀င်တဲ့ မြန်မာနိုင်ငံ ဒုက္ခသည် တွေကို ကူညီနေတဲ့ အဖွဲ့ CCFDPT ကမကထ လုပ်တာ ဖြစ်ပြီးတော့ UNHCR က ပူးပေါင်း ပါ၀င် လုပ်ဆောင် ခဲ့တာ ဖြစ်တယ်။ အစည်းအဝေးကို စခန်း (၉) ခု အနက် စခန်း (၇) ခု က ကိုယ်စားလှယ် (၅၀) ခန့်နဲ့  ခေါင်းစဉ် (၃) ခု ခွဲပြီး ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်” ဟု ဆိုပါသည်။

phophtaw-2381

အစည်းအဝေးသည် သြဂုတ်လ (၂၀) ရက်နေ့မှ (၂၂) ရက်နေ့ အထိ ကျင်းပခဲ့ပြီး အစည်းအဝေးသို့ ကရင် ဒုက္ခသည်များ ကော်မီတီ ( KRC) အပါအဝင် KNRC ၊ NGO၊ KCBO ၊ ကရင်လူမှု အခြေပြု အဖွဲ့အစည်းများနှင့် ထိုင်း နယ်စပ်ရှိ ဒုက္ခသည် စခန်း (၇) ခုမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ပါသည်။

ဒုက္ခသည် များသည် အစီအစဉ်မဲ့ ပြန်ပို့ ခံရခြင်းနှင့်  ဖိအားပေး ခံရခြင်းထက် မိမိတို့ ဆန္ဒအရ နေရပ်ပြန်ရေး ကိုသာ ဦးစားပေး ဆွေးနွေး သွားကြပါသည်။ အဲန်ဂျီအို၊ အိုင်အဲန်ဂျီအို များ မှ အမြင် သဘောထား များသည် လိုအပ်ပါက ကူညီရန် အသင့် ရှိနေကြောင်း၊ KCBO မှလည်း ဒုက္ခသည် များ၏ ဆန္ဒ မပါရှိပါက မည်သည့် နည်းနှင့်မျှ မဖြစ်နိုင်ကြောင်း၊ စနစ် တကျ စီစဉ် ဆောင်ရွက် ပေးပြီးမှ နေရပ် ပြန်ပို့ရေးကို စီစဉ် သင့်ကြောင်း စသည်ဖြင့် ဆွေးနွေး တိုင်ပင် ကြပါသည်။

ထို့အပြင် စခန်းတွင်း တရား စီစဉ်ရေး ကိစ္စနှင့် ဒုက္ခသည် စခန်းများ အတွက် ရိက္ခာဝေငှ ခြင်း ဆိုင်ရာ ကိစ္စကိုလည်း ဆွေးနွေး ခဲ့ကြပါသည်။

အထူးသဖြင့် ရိက္ခာ ဝေငှခြင်း ဆိုင်ရာကိစ္စတွင် ဒုက္ခသည်များ ထဲတွင် စခန်း ရိက္ခာ မလိုဘဲ ရပ်တည် နိုင်သည့် ဒုက္ခသည်များ ခွဲတမ်းမှ အထူး ဂရုစိုက် ထောက်ပံ့ ကူညီသင့်သည့် ဒုက္ခသည် များအား ဦးစားပေး သင့်ကြောင်း ရိက္ခာ အကူအညီ ပေးနေသည့် TBC မှ တင်ပြ ဆွေးနွေး ခဲ့ပါသည်။

ဒုက္ခသည် စခန်းများတွင် လူတန်းစား (၄) ရပ် ရှိပါသည်။ ၄င်းတို့မှာ စခန်း ရိက္ခာ မလိုဘဲ ရပ်တည် နိုင်သည့် ဒုက္ခသည်များ ၊ ပုံမှန် လူတန်းစားများ၊ ထောက်ပံ့ သင့်သည့် လူတန်းစားများနှင့် အထူး ဂရုစိုက် ထောက်ပံ့ ကူညီသင့်သည့် လူတန်းစား များဟူ၍ လေးမျိုး ရှိပါသည်။ စခန်း ကိုယ်စားများမှာမူ သေချာ တိကျသော ရွေးချယ်မှု မှ အကျိုးရှိသော ရိက္ခာ ဝေငှမှု စနစ် ဖြစ်စေလို ကြကြောင်း တင်ပြ ခဲ့ကြပါသည်။

မြန်မာနိုင်ငံ တောင်ပိုင်းတွင် ဒုက္ခသည် စခန်း (၉) ခုမျှ ထိုင်းနိုင်ငံ ထဲတွင် တည်ရှိနေပြီး ဒုက္ခသည်ပေါင်း တသိန်းကျော် ရှိသည်ဟု NGO များက ဆိုပါသည်။ ဤစခန်းများမှ ဒုက္ခသည် များအား နေရပ် ပြန်ပို့ စေလို ကြောင်း၊ မြန်မာနှင့် ထိုင်း အစိုးရများက သဘောထား ပေးခဲ့ပြီး ဖြစ်ပါသည်။  

မြန်မာ အစိုးရကမူ အိမ်ထောင်စု (၅၀) ခန့် အစမ်း ပို့သည့် အဆင့်မှ စတင် လိုကြောင်း ကရင်ပြည်နယ် အစိုးရမှ ထုတ်ဖေါ် ပြောဆို ခဲ့ပါသည်။ သို့သော် ထိုင်းအစိုးရ ကမူ ဒုက္ခသည် များ၏ ဆန္ဒ အရသာ ပြန်လည် နေရာ ချထား သင့်ကြောင်း သဘော ထားခဲ့ပေသည်။ အလားတူ ဒုက္ခသည်များ၊ UNHCR နှင့် NGO အဖွဲ့များ ကလည်း ထိုင်းအစိုးရ နည်းတူ သဘော ထားလျှက် ရှိပါသည်။

အထူးသဖြင့် ဒုက္ခသည်များ ပြန်လည် နေရာ ချထားနိုင်ရန်အတွက် မြန်မာနိုင်ငံ ဖက်ခြမ်းတွင် စစ်ရေး၊ နိုင်ငံရေး တည်ငြိမ် မှုနှင့် အတူ စနစ် ကျသော အစီအစဉ်ဖြင့် ပြန်လည် နေရာ ချထားရန် လိုအပ်ကြောင်း မြန်မာ အစိုးရအား NGO များနှင့် UNHCR က တောင်းဆို နေခြင်း ဖြစ်ပါသည်။

Most read this week