ထိုင်း-မြန်မာ နယ်စပ် ဂိတ်များမှ ယခုလကုန် တရားဝင် ပြန်လည် ဖြတ်သန်းခွင့် ပေးမည်

ထိုင်း-မြန်မာ နယ်စပ် ဂိတ်များမှ ယခုလကုန် တရားဝင် ပြန်လည် ဖြတ်သန်းခွင့် ပေးမည်
by -
ရွှေဟင်္သာ

လာမည့် သြဂုတ်လ (၂၈) ရက်နေ့မှစ၍ ထိုင်းမြန်မာ နယ်စပ်ဂိတ် လေးခုမှ   နှစ်ဖက် နိုင်ငံ များသို့ ပတ်စပိုစ့် များဖြင့် သွားလာ ဖြတ်သန်း ခွင့်ကို မထမဆုံး အကြိမ် တရားဝင် ခွင့်ပြု သွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး ရုံးအဖွဲ့မှူး ဦးသန်းနိုင် ထွန်းက ပြောသည်။

“ဒီကိစ္စကို နှစ်နိုင်ငံ အစိုးရတွေ ညှိနှိုင်း ပြီးပါပြီ၊ ဗီဇာ ပါရမယ်၊ နိုင်ငံကူး လက်မှတ် ပါရမယ်၊ အရင်လို အပေါ်လမ်း (လေကြောင်း) ကနေ မဟုတ်ပဲ ဒီနယ်စပ်ဂိတ် တွေက နေလည်း တရားဝင် သွားလာလို့ ရပါပြီ” ဟု ဦးသန်းနိုင်ထွန်းက ပြောသည်။

စတင် ခွင့်ပြုမည့် ထိုင်းမြန်မာ နယ်စပ် ဂိတ် လေးခုမှာ တာချီလိတ်ဂိတ်၊ မြဝတီဂိတ်၊ ကော့သောင်းဂိတ်နှင့် ထီးခီး ဂိတ်များ ဖြစ်သည်။

ထိုင်းနိုင်ငံသား၊ မြန်မာ နိုင်ငံသားနှင့် တတိယ နိုင်ငံသား (နိုင်ငံခြားသား) တို့ကို ဖော်ပြပါ ဂိတ်များမှ တရားဝင် ဖြတ်သန်း သွားလာခွင့် ရကြတော့မည် ဖြစ်ကာ ၄င်းအားလည်း သက်ဆိုင်ရာ နယ်စပ် ဂိတ်များသို့ သြဂုတ် (၂၈) ရက်နေ့မှ စတင် ဆောင်ရွက် သွားကြရန် ဝန်ကြီး ဌာနမှ ညွှန်ကြားချက် ပေးထားပြီ ဖြစ်ကြောင်း ဦးသန်းနိုင်ထွန်းက ဆက်ပြောသည်။

ထိုခွင့်ပြုချက် အရ မိမိတို့ ကိုင်ဆောင် ထားသည့် နိုင်ငံကူးလက်မှတ် ဗီဇာ သက်တမ်း ရှိသည့် အပေါ် ထားရှိသည့် စည်းမျဉ်း စည်းကမ်း များအရ စီးပွားရေး ဗီဇာအား ရက်ပေါင်း (၇၀)၊ အလည်အပတ် ဗီဇာအား ၂၈ ရက် (လေးပတ်) စသည့် နိုင်ငံတကာ ထားရှိ သည့် စံနှုန်း များအတိုင်း ခွင့်ပြု သွားမည် ဖြစ်သည်။

အစော ပိုင်း၌ ထိုနယ်စပ် ဂိတ်များ၌ အပြန်အလှန် ကူးလူး သွားလာ ကြရန် ရက်ပိုင်းဖြင့် နားလည်မှု ခွင့်ပြုချက် ပေးနေခြင်း ရှိပြီး တရားဝင် ခွင့်ပြု ခြင်းကိုမူ ယခုလ သြဂုတ် (၂၈) ရက်နေ့မှ စတင်မည် ဖြစ်သည်။

ယခင်က အဆိုပါ နယ်စပ် ဂိတ်ဖြင့် ဝင်ရောက် သွားလာ ခြင်းကို မြန်မာ ရွှေ့ပြောင်း အလုပ်သမား များသာ အဓိကထား အသုံးပြုပြီး အခြား ထိုင်း မြန်မာ ကမ္ဘာလှည့် ခရီးသွားများ၊ စီးပွားရေး လုပ်ငန်း ရှင်များ အသုံးပြုမှု မရှိ သလောက်ပင် ဖြစ်သည်။

ယခု ကဲ့သို့ ခွင့်ပြု ခြင်းသည်လည်း မြန်မာ့ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရန် ရည်ရွယ်၍ မြန်မာ နိုင်ငံသို့ အလွယ် တကူ ဝင်ရောက် နိုင်ရန် ရည်ရွယ် ခွင့်ပြုခြင်း ဖြစ်ကြောင်း ဦးသန်းနိုင်ထွန်းက ပြောသည်။

“အဓိက ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးအောင် အကောင်အထည် ဖော်တာပါ၊ ဒီလို ခွင့်ပြု လိုက်လို့ အကုန် အကျတွေ အများကြီး သက်သာ သွားမယ်လေ၊ ဒီလို ဆိုရင် ခရီးသွား ဧည့်သည်တွေ အတွက် ပိုပြီး အဆင်ပြေ လိမ့်မယ်၊ အချိန်လည်း သက်သာတယ်၊ အရင်က ဒီအပေါ် တွေကနေ ခွင့်ပြုထားခြင်း မရှိဘူး အခု ခွင့်ပြု လိုက်တဲ့ သဘော ပါပဲ” ဟု ဦးသန်းနိုင်ထွန်းက ဆက်ပြောသည်။

ထိုခွင့်ပြု ချက်ကြောင့် နှစ်နိုင်ငံ အပြန်အလှန် သွားလာ လိုသည့် သူများ အတွက် များစွာ အဆင်ပြေ မည်ဖြစ်ကာ၊ ယခင် နယ်စပ် ဂိတ်များမှ တဆင့် တရားမဝင် လူကုန်ကူးမှု ၊ တရားမဝင် နယ်စပ် ဖြတ်ကျော်၍ ဝင်ရောက် နေမှု များကိုလည်း အထိုက် အလျောက် လျော့ချ နိုင်မည် ဖြစ်ပြီး ဒေသတွင်း ကုန်သွယ်ရေးနှင့် နှစ်နိုင်ငံ ကုန်သွယ် ရေးကို ပိုမို အားကောင်း စေမည် ဖြစ်ကြောင်း ထိုင်းအာဏာပိုင် များမှ သုံးသပ် နေကြသည်။

ထို့ပြင် ထိုင်းနိုင်ငံနှင့် ဆက်စပ်သည့် အခြား နယ်စပ်ဂိတ် များကိုလည်း အထက်ပါ အတိုင်း ခွင့်ပြု သွားရန် ရှိကာ ဘုရားသုံးဆူ နယ်စပ် ဂိတ်အားလည်း ယခု ကဲ့သို့ ခွင့်ပြု ပေးနိုင်ရန်နှင့် တရားဝင် နယ်စပ်ဂိတ် အဖြစ် ထားရှိ နိုင်ရန် နှစ်နိုင်ငံ အစိုးရများ ညှိနှိုင်း နေကြဆဲ ဖြစ်ကြောင်း ဦးသန်းနိုင်ထွန်းက ဆိုပါသည်။

Most read this week