လက်နက် မှုဖြင့် ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် DKBA ရဲဘော် တဦးအား အစိုးရဖက်မှ အရေး ယူရန် ရှိသည်ဟု ဆိုခြင်းမှာ မိမိတို့ မသိရသေးကြောင်း DKBA ကလို့ထူးဘော အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်မှ ယနေ့ ထုတ်ဖေါ် ပြောဆို ခဲ့ပါသည်။

“ ကျနော်တို့ ရဲဘော်မှာ အပြစ်ရှိရင် မှားမယ် ဆိုရင် ဥပဒေကြောင်းအရ ထိန်းသိမ်း နိုင်ပါတယ်။ တကယ်တော့ အဲဒီမှာ ရှိတဲ့ ရဲနဲ့စရဖ တွေကတော့ ကျနော်တို့ ဘက်ကလူ မမှားဘူးလို့ ပြောပါတယ်။ အဲဒီတော့ အခုမှ ဘာကိုအရေး ယူကြ မှာလဲ။ အရေးယူမယ် ဆိုတဲ့ သတင်းလဲ မကြားမိပါဘူး ”ဟု ဆိုပါသည်။
ဖြစ်စဉ်မှာ DKBA မှ ဗိုလ်ရဲလှိုင်သည် ပြီးခဲ့သည့် သြဂုတ်လ (၈) ရက်နေ့တွင် ကျင်းပသော ရန်ကုန်မြို ့ ၈ လေးလုံး ငွေရတု အခမ်းအနားသို့ တက်ရောက် ခဲ့ပါသည်။ အခမ်းအနား မကျင်းပမှီ သြဂုတ်လ (၅) ရက်နေ့ ညတွင် ရန်ကုန်တိုင်း သန်လျင် မြို့နယ် ကျိုက်ခေါက် ဘုရားလမ်းရှိ ရေကြောင်း တက္ကသိုလ်မှကျောင်းကြိုပို့ ယာဉ်နှင့် ပြသနာဖြစ်ရာက ဗိုလ်ရဲလှိုင်၌ ပါလာသော နိုင်းမမ ပစ္စတိုအား ရဲက သိမ်းဆည်း လိုက်ခြင်း ဖြစ်ပါသည်။
ဤဖြစ်စဉ်၌ ဗိုလ်ရဲလှိုင် မှပြစ်မှု ကျူးလွန် ခဲ့ခြင်း မဟုတ်ကြောင်း ရဲနှင့် စစ်ဖက် လုံခြုံရေး အဖွဲ့ (စရဖ) တို့က ဆိုခဲ့ပါသည်။ သို့သော် ရန်ကုန်တိုင်း၌ ပြသနာ ဖြစ်ခဲ့သည့် အတွက် လက်နက် ကိုင်ဆောင်ခွင့်မဲ့ ဧရိယာ ဖြစ်သောကြောင့် လက်နက် ကို အပ်နှံထားရန် ဖြစ်ပြီး ပြန်သည့် အခါ လက်နက်ကို ပြန်လည် ပေးအပ်မည် ဖြစ်သည်ဟု ထိုည ကတည်းက ဗိုလ်မှူးကြီး ဆန်အောင်အား ဖုန်းဖြင့် ဂတိပေးပြောကြား ခဲ့ပြီးဖြစ်ပါသည်။
ဤသို့ကြောင့် ရဲထံ အပ်နှံ ထားသော လက်နက်ကို ဖုန်းဖြင့် ပြန်လည် တောင်းခံခဲ့ရာ ရဲဘက်မှထိုလက်နက်အား ရန်ကုန် နယ်လုံတွင် သွားရောက် ထုတ်ယူရမည်ဟု အကြောင်းပြန် ခဲ့သည်ကိုသာ မိမိတို့ သိရှိခြင်း ဖြစ်ကြောင်း၊ အရေး ယူခြင်း ဆိုသည်ကို မိမိတို့ မသိရသေးကြောင်း၊ ဗျူဟာမှူး ဗိုလ်မှူးကြီးဆန်း အောင်က ဆိုပါသည်။
သို့သော် သြဂုတ်လ (၁၃) ရက်နေ့ထုတ် မက်ဆင်ဂျာ သတင်းစာနှင့် မဇ္ဈိမ သတင်း ဌာနတို့တွင် DKBA ကလို့ထူးဘော စစ်ဌာနချုပ်မှ ဗိုလ်တစ်ဦးကို နယ်ကျော်လက်နက် ကိုင်ဆောင်ပြီး ခြိမ်းခြောက် မှုဖြင့် သြဂုတ် ၂၀ ရက်နေ့တွင် သန်လျင် ရဲ စခန်း၌ အမှတ် (ပ)၇၇၄/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး လက်နက် ဥပဒေ ပုဒ် မ ၁၉(စ) ဖြင့် တရား စွဲသည်ဟု ရန်ကုန် တိုင်း ရဲတပ်ဖွဲ့ မှူးရုံးက သတင်း ထုတ်ပြန် ထားကြောင်း ဆိုထားကြပါသည်။
DKBA သည် ၂၀၁၂ ခုနှစ် ဆန်းကတည်းက အစိုးရနှင့် အပစ်အခတ် ရပ်စဲ ထားပါသည်။ ၄င်းတို့သည် ယခုဖြစ်ခဲ့ သော ပြသနာ၌ ပြစ်မှု ကျူးလွန် ခဲ့ခြင်း မဟုတ်သောကြောင့် တရားဝင် ဖြေရှင်း သွားမည် ဖြစ်သည်ဟု ဆိုပါသည်။



