အစိုးရ တပ်မတော်နှင့် ကရင် လက်နက်ကိုင် တပ်များ မူးယစ်ဆေးဝါး၌ ပတ်သက်နေဟု KHRG အစီရင်ခံစာဆို

အစိုးရ တပ်မတော်နှင့် ကရင် လက်နက်ကိုင် တပ်များ မူးယစ်ဆေးဝါး၌ ပတ်သက်နေဟု KHRG အစီရင်ခံစာဆို
by -
ရွှေဟင်္သာ

ကရင် ပြည်နယ် တွင်းရှိ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု များ၌ ကရင်လက်နက်ကိုင် တပ်များနှင့် အစိုးရ တပ်မတော်တို့ ပါဝင် ပတ်သက်မှု ရှိနေကြောင်း သြဂုတ်လ (၁၄) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကရင် လူ့အခွင့် အရေး အဖွဲ့ (KHRG) ၏ အစီရင် ခံစာ တစ်ရပ်၌ ဖော်ပြ ထားပါသည်။

ကရင် ပြည်နယ် တွင်းရှိ မြို့နယ် များသို့ KHRG မှ ကွင်းဆင်း အချက် အလက်များ လိုက်လံ ကောက်ယူ ခဲ့ရာ၌ ၂၀၁၃ မတ်လမှ မေလအထိ လေ့လာ တွေ့ရှိချက်၌ အစိုးရ စစ်တပ်၊ KNU လက်အောက်ခံ KNLA တပ်ဖွဲ့၊ DKBA တပ်ဖွဲ့၊ KNU/KNLA-PC တပ်ဖွဲ့၊ ကရင်ပြည်နယ် နယ်ခြား စောင့်တပ် (BGF) တို့ ပါဝင်ကြောင်း ဆိုထား ပါသည်။

ကရင်ပြည်နယ် ဘားအံ မြို့နယ်၊ ကောကရိတ် မြို့နယ်နှင့် ဖွံ့ဖြိုးဆဲ ကရင် ပြည်နယ် တွင်းရှိ ကျေးလက် ဒေသများတွင်အသက် ၁၅ နှင့် ၄၀ နှစ် ကြား  မူးယစ် ဆေးဝါး သုံးစွဲ မှုသည် ၆၀ ရာခိုင် နှုန်းနှင့် ရ၀ ရာခိုင် နှုန်းကြားရှိနေကြောင်း KHRG အဖွဲ့၏ ကွင်းဆင်း ညွန်ကြားရေးမှူး စောအဲလ်ဘတ်က ပြောသည်။

“ကျနော်တို့ ၂၀၁၂ အစောပိုင်းက ပြည်တွင်းကို ၀င်ဖို့ အခက်အခဲ ရှိခဲ့ တယ်လေ၊အရင် တုန်းက သုံးစွဲသူ ဘယ်လောက် ရှိနေ သလဲ ဆိုတာ မသိနိုင် သေးပေမယ့် ၂၀၁၂ နောက်ပိုင်းမှာမူးယစ် ဆေးဝါးနဲ့ ပတ်သတ်ပြီး ကရင် ပြည်နယ် ဘက်မှာ သုံးစွဲသူ အများဆုံးလူငယ်ပိုင်းနဲ့ လူလတ် ပိုင်းတွေ သုံးစွဲတာ တွေ့ရတယ်။ လူငယ်က အပျော် သုံးစွဲ ကြပြီး လူလတ်ပိုင်း ကတော့ အလုပ်လုပ်ရင် အမော ခံနိုင်ဖို့ အတွက် သုံးရင်းနဲ့ စွဲသွားခြင်း ဖြစ်တယ်” ဟု စုံစမ်း သိရှိ ရကြောင်း၄င်းမှ ဆိုသည်။

ကွင်းဆင်း လေ့လာ တွေ့ရှိချက် များအရ ဒေသခံ များမှ တဆင့်သိရှိ ရသည်မှာ မူးယစ် ဆေးဝါး ဖောဖော သီသီ သုံးစွဲ နေကြခြင်း၏ အကြောင်းရင်း တစ်ရပ်မှာ နေရာတိုင်းတွင် မူးယစ်ဆေးဝါး အလွယ်တကူ ရရှိသည့် အတွက်ကြောင့် ၄င်းတို့က စိုးရိမ် ပူပန် နေသည်ဟု တင်ပြ ကြကြောင်း စောအဲလ်ဘတ်က ဆက်ပြောသည်။

“ကျနော်တို့ ကိုယ်တိုင် ကွင်းဆင်းပြီး အချိန် အကြာကြီး ပေးပြီးစုံစမ်း သိရှိ ရတဲ့ အချက်တွေက ပုံစုံ အမျိုးမျိုး ပါပဲ။တချို့ ကတော့ လူငယ်တွေ ဆီက သိရတယ်။  မူးယစ် ဆေးဝါးဟာဘယ်လောက်ထိ အခြေအနေ ဆိုးသလဲ ဆိုတာ ရာဘ ကို  သကြားလုံး ၀ယ်သလို ၀ယ်စားလို့ ရတယ်လို့မိဘ တွေက ပြောပြတယ်” ဟု စောအဲလ်ဘတ်က ဆက်ပြောသည်။

KHRG အစီရင် ခံစာ အဆိုအရ ပြီးခဲ့သည့် မတ်လ (၁၁) ရက်နေ့တွင် မူးယစ် ဆေးစွဲလူငယ်တဦး ရာဘဝယ်ရန်ဆိုင်ကယ်အပေါင်ထားခဲ့ကြောင်း၊ ဖခင်ဖြစ်သူက ဆိုင်ကယ်ပြန်ရွေးယူရန်ပိုက်ဆံပေးခဲ့သော်လည်း မူးယစ်ဆေးရောင်းသမားက သတင်းပေါက်ကြားမည်စိုးသဖြင့်ဟုဆိုကာ  (၁၆) နှစ်အရွယ် ကရင် လူငယ်အား သတ်ဖြတ် ခဲ့ကြောင်း ရေးသား ဖော်ပြ ထားပါသည်။

ထပ်မံ ၍လည်း မတ်လ (၂၇) ရက်နေ့က  ကရင် ပြည်နယ် BGF အမှတ် ၁၀၁၆ တပ်မှ စစ်သား များက  အသက် (၆၇) နှစ်အရွယ် အဖွားအို အား မိမိတို့အား စွပ်စွဲ ပြောဆို သည်ဟုဆိုကာ ဖမ်းဆီး  ရိုက်နှက် သတ်ဖြတ် ခဲ့သည့်အဖြစ်လည်းရှိကြောင်း ဖော်ပြ ထားပါသည်။

ထို့ကြောင့်  KNRG မှ လေ့လာ တွေ့ရှိ ခဲ့သည့်  မူးယစ်ဆေးဝါး ကိစ္စနှင့်  ပတ်သတ်သည့် အချက် အလက်များကိုစုဆောင်းကာ သက်ဆိုင်ရာ အစိုးရ ၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ များ၊ နိုင်ငံတကာ အဖွဲ့အစည်း UN နှင့် Drug and Alcohol Recovering Education (မူးယစ် ဆေးဝါးနှင့် အရက် သေစာ သုံးစွဲသူ များအား ပညာပေးသည့် အဖွဲ့ များထံ အစီရင်ခံစာ ပေးပို့ သွားမည် ဖြစ်သည်။

KHRG တွေ့ရှိချက် များနှင့် ပတ်သက်၍ ရွှေဟင်္သာ သတင်းဌာနမှ ကရင်လက်နက်ကိုင် အဖွဲ့အစည်း များထံ မေးမြန်း ရာ  ၄င်းတို့မှ ပါဝင်မှု မရှိကြောင်း ငြင်းဆို နေကြပါသည်။

DKBA က မိမိတို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားဖွယ် ကိုယ်တိုင် ဇူလိုင် လလယ် ခန့်၌ မိမိတို့ DKBA တပ်ဖွဲ့ဝင်များ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု များနှင့် ပတ်သက် သည်ဟု တွေ့ရှိ ခဲ့ပါက ပြင်းပြင်း ထန်ထန် အရေးယူ ဖြစ်ကြောင်း ထုတ်ပြန် ထားပြီး ဖြစ်သည်ဟု ပြောခွင့်ရ ဗိုလ်မှူး စန်းအောင်က ပြောသည်။

BGF အဖွဲ့ မှလည်း အဆိုပါ မူးယစ်ဆေးဝါး ကိစ္စ များနှင့် စပ်လျဉ်း၍ လုပ်ကိုင် နေသူ များမှာ ယခင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များထံတွင် ဝင်ရောက် ဖူးသူများ ဖြစ်ကြသည်။ နောက်ပိုင်း၌ နှုတ်ထွက် ခဲ့ကြပြီး လက်ရှိတွင် လက်နက်ကိုင် တပ်များနှင့် သက်ဆိုင်မှု မရှိတော့ သော်လည်း လက်နက်ကိုင် အမည်ခံကာ မူးယစ်ဆေးဝါး ရောင်းချ မှုများကို လုပ်ဆောင် နေသည်ကို တွေ့ရှိ နေရ သည်ဟု BGF မှ ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါသည်။

KNU အဖွဲ့ မှလည်း မူးယစ်ဆေးဝါးနှင့် မိမိတို့ အဖွဲ့အစည်း ကင်းရှင်းကြောင်း တပ်မဟာ (၇) ဗျူဟာမှူး ဗိုလ်မှူးကြီးဖောဒို က ပြောသည်။

“ကျွန်တော်တို့ အဖွဲ့က လုံးဝ ပတ်သက်မှု မရှိဘူး၊ ရှင်းတယ်၊ ဒီကိစ္စကို လာမယ့် စက်တင်ဘာ ကရင် လက်နက်ကိုင် တပ်များ ညီညွတ်ရေး ကော်မီတီ အစည်အဝေးမှာ ဆွေးနွေး ပြီးတော့ ပြင်းပြင်းထန်ထန် အရေးယူ သွားမယ်” ဟု ဗဒို့ ဖောဒိုက ပြောသည်။

သို့သော်လည်း ကရင် လက်နက်ကိုင် တပ်များ ညီညွတ်ရေး ကော်မီတီများ အတူတကွ ပူးပေါင်း အကောင်အထည် ဖော်ရန် ချမှတ် ထားသည့် အချက် (၇) ချက် အနက် တစ်ချက် ဖြစ်သည့် မူးယစ် ဆေးဝါး ပြသနာ ကိုင်တွယ်ရေးကို ပူးပေါင်း အကောင်အထည် ဖော်နိုင်ပါက အောင်မြင်မည်ဟု ယုံကြည်ကြောင်း စောအဲလ်ဘတ်က သုံးသပ်သည်။

 “ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မတီမှာ ချမှတ်ထားတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက် မှုကို အတူ လုပ်ဆောင် ကြရင် အောင်မြင် မယ်လို့ ကျနော် ယုံကြည်တယ်။တဖွဲ့ ချင်းစီ အကောင်အထည် ဖော်ရင်တော့ အခက်အခဲ ရှိနိုမယ်” ဟု ၄င်းမှ သုံးသပ် ပြောကြားပါသည်။

Most read this week