တနင်္သာရီတိုင်း မြိတ်ခရိုင် အခြေစိုက် မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ သုမင်္ဂလံ တပ်စခန်းနှင့် ကျေးရွာကို အစိုးရ တပ်ဖွဲ့ တို့က လာရောက် တိုက်ခိုက် မီးရှို့ လိုက်သည့် အပေါ် ထိုင်းနိုင်ငံရောက် မွန်အမျိုးသား များက လာမည့် ဇူလိုင်လ ၂၉ ရက်နေ့တွင် ဘန်ကောက် မြို့ရှိ မြန်မာ သံရုံး ရှေ့တွင် ဆန္ဒပြ တောင်းဆိုပွဲ ကျင်းပ သွားရန် ရှိကြောင်း သတင်း ရရှိ ပါသည်။
ဖမ်းဆီး ထားသော ဒေသခံ များကို လွှတ်ပေးရန်၊ မွန်အလံကို မီးရှို့ ဖျက်ဆီးမှု အရေးယူ ပေးရန်၊ယခုကဲ့သို့ ကျူးကျော် ပစ်ခတ်မှုမျိုး မဖြစ်ပွား စေရေး အစိုးရမှ တာဝန် ယူပေးရန်စသည့် အချက် များအား တောင်းဆို သွားရန် ရှိကြောင်း ပွဲစီစဉ် သူများ ထံမှ သိရှိ ရသည်။
၄င်းပြင် အခြား အချက်ဖြစ်သည့် ကြွှေးကြော်သံ များအဖြစ် ပြည်သူ များကို ဖိနှိပ်သောလုပ်ရပ်ကို အလိုမရှိ၊ လိမ်ညာသည့် ညီညွတ်မှု (ငြိမ်းချမ်းရေး ဖော်ဆောင်ရေး) ကို အလိုမရှိ စသည့် အချက် များကိုလည်း တောင်းဆို သွားရန် ရှိကြောင်း စီစဉ် သူများက ဆိုပါသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၁၆) ရက်နေ့က အစိုးရ တပ်မှ လာရောက် ကျူးကျော် ပစ်ခတ် မှုကြောင့် မွန်ပြည်သစ် ပါတီ၏ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ ရဲဘော် နိုင်ရှိန် (၄၀) နှစ်နှင့် ရဲဘော် ချမ်းမွန် (၂၀) နှစ်တို့ ကျဆုံး ခဲ့ကြောင်း ဒေသခံ တပ်မှူးမှ ရွှေဟင်္သာ သတင်းဌာနအား ပြောကြား ထားပါသည်။
အဆိုပါ တိုက်ခိုက် မှုှုသည်လည်း မွန်ပြည်သစ် ပါတီမှ ခွဲထွက် သွားသော ဗိုလ်မှူးကြီးပန်းညွန့် ဦးဆောင်သော တပ်ဖွဲ့အား တိုက်ခိုက်ရန် ကြံရွယ် ထားရာက မှားယွင်း သွားသည်ဟု အစိုးရ ဘက်မှ အကြောင်း ပြထားပြီး ၄င်းကိစ္စ ကိုလည်း မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ တာဝန်ရှိ သူများနှင့် မွန်ပြည်သစ် ပါတီ ပြည်တွင်း တာဝန်ခံ နိုင်တလညီတို့ ညှိနှိုင်း ဆောင်ရွက် နေသည် ဖြစ်ကြောင်း မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ အရာရှိ တစ်ဦး အဆိုအရ သိရှိ ရပါသည်။



