နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးဆောင်ပြီး စီစဉ် တင်ဆက်နေသော ဖက်ဒရယ်မူနှင့် တိုင်းရင်းသားတို့၏ အမြင် (၉/၂၀၁၃) ကို ကယန်းနိုင်ငံရေး ပါတီ ဖြစ်သည့် ကယန်းပြည်သစ် ပါတီမှ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်စောလွင်နှင့် အဖွဲ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ဇူလိုင်လ (၁၄) ရက်နေ့၊ နေ့လည် တစ်နာရီတွင် ကျင်းပခဲ့ပါသည်။
ဤနှစ်ပတ်တကြိမ်ကျင်းပသော နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၏ ဖက်ဒရယ်ရေးရာနှင့် တိုင်းရင်းသားတို့၏ အမြင် အလှည့်ကျ ဆွေးနွေးပွဲသို့ NLD အပါ၀င် စိတ်ဝင်စားသူများ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်နိုင်ငံရေး အင်အားစု၊ လူ ငယ်နှင့်အမျိုးသမီးများ၊ ရခိုင်၊ ကရင် ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ နှင့်ကယန်းတို့ စုစုပေါင်း လူ ၂၀၀ ကျော် တက်ရောက် ခဲ့ပါသည်။

ဤ(၉/၂၀၁၃) ဆွေးနွေးပွဲသည် ကယန်းပြည်သစ် ပါတီ အလှည့်ဖြစ်ပါသည်။ ကယန်းပြည်သစ်ပါတီမှ အတွင်းရေးမှူး ၁ ဖြစ်သူဗိုလ်ချုပ် စောလွင်က တက်ရောက် ရှင်းလင်းခဲ့ပါသည်။ ဤသို့ကြောင့် ဆွေးနွေးချက်များ သိရှိစေရန် ရွှေဟင်္သာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။
မေး။ ။ ဒီလိုဆွေးနွေးပွဲကို ဘာကြောင့်လုပ်နေရသလဲ ဆိုတာ ပြောပြနိုင်မလား။
ဖြေ။ ။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သတ်ပြီးတော့ တိုင်းရင်းသားတွေရဲ့အမြင် သဘောထား တွေကို နှစ်ပတ်တစ်ကြိမ် အခု အမှတ် စဉ် ၉ မှာ ပြည်မဒေသက သူတွေလည်း တိတိကျကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် သိစေချင်တဲ့ဆန္ဒနဲ့ အခု လိုကျင်းပရခြင်းဖြစ်ပါတယ်။
မေး။ ။ ကယန်းပြည်သစ် ပါတီအနေနဲ့ ဖက်ဒရယ်ရေးရာနဲ့ ပါတ်သတ်ပြီး ဘယ်လို အမြင်သဘောထားနဲ့တင်ပြဆွေး နွေးသွားပါသလဲ။
ဖြေ။ ။ ဖက်ဒရယ်နဲ့ပတ်သတ်ပြီး ကယန်းပြည်သစ်ပါတီရဲ့ အမြင်သဘောထားကို အဓိက အချက်၈ချက်နဲ့ ဆွေး နွေးတင်ပြခဲ့ပါတယ်။
၁။ ဖက်ဒရယ်ဆိုတာ ပေါင်းစည်းခြင်းဖြစ်တယ် ခွဲထွက်ခြင်း မဟုတ်ပါ။
၁၉၆၂ခုနှစ် မတ်လ ၂ ရက်နေ့မှာ ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းတာက ဖက်ဒရယ်ကြောင့် မဟုတ်ဘူး၊ သူ့ရဲ့ အာ ဏာလောဘကြောင့်ဖြစ်တယ်။
၂- ဖက်ဒရယ်ဆိုတာက ပြည်နယ်တခုချင်းစီကို သူတို့ပြည်နယ် ကိစ္စကို လွတ်လွတ် စီမံခန့်ခွဲဆောင်ရွက်ခွင့် အပြည့်အဝပေးခြင်းဖြစ်တယ်။ Union ဆိုတဲ့အသုံးနှုန်းနဲ့ အဓိပါယ်တူဖြစ်တယ်။
အဲဒါကိုလည်း ပင်လုံစာချုပ်အပိုဒ် ၅ မှာ ဖော်ပြထားပြီးဖြစ်တယ်။ ပင်လုံ စာချုပ်အပိုဒ် ရ မှာလည်း တောင်တန်းဒေသက ပြည်သူတွေက အခြေခံ ဒီမိုကရေစီ အခွင့်ရေးတွေနဲ့ရပိုင်ခွင့်၊ ခံစားပိုင်ခွင့် ရှိစေရမယ် ဆိုတာ ပါတယ်။ ဒါကြောင့် မို့လို့ ၂၀၀၈ ခုနှစ် အခြေခံဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီလို့ ဖော်ပြထားတာဟာ ပင်လုံ စာချုပ်ကို ဖောက်ပျက်ရာရောက်တယ်။
၃- Union မသုံးပဲ ဖက်ဒရယ်သုံးသည့်ကိစ္စ။
၁၉၄၇၊ ၁၉၇၄ ၊၂၀၀၈ ဖွဲ့စည်းပုံတွေမှာ Union ပြည်ထောင်စုလို့ သုံးထားပါတယ်။ ဒါပေမယ့် တကယ့် လက်တွေ့မှာ အတုယောင် ပြည်ထောင်စုတွေသာဖြစ်တယ်။ ကျနော်တို့အနေနဲ့ ပြည်ထောင်စု Union သုံးရုံနဲ့မလုံလောက်ဘူး။ ဒီစ ကားလုံးတွေမှာ ပြသနာမရှိပေမယ့် မြန်မာနိုင်ငံရေး လက်တွေ့ဖြစ်ရပ်တွေနဲ့ ယှဉ်ထိုးပြီး ကြည့်တဲ့အခါ ကြတော့ ဒီစကား လုံးတွေက အတုယောင်ပြည်ထောင်စုဆိုတဲ့အဓိပါယ်ထွက်ပါ တယ်။ ဒါကြောင့် ကျနော်တို့လိုချင်တဲ့ စစ်မှန်တဲ့ပြည် ထောင်စုဆိုတာက ရှင်းလင်းစေဖို့အတွက် ဖက်ဒရယ်ပဲ သုံးတာဖြစ်တယ်။
၄- ဖက်ဒရယ်ပြည်ထောင်စုရဲ့အခြေခံလိုအချက်။
ဖက်ဒရယ်ပြည်ထောင်စုမှာ လွတ်တော်နှစ်ရပ်ရှိမယ်။ ပထမ တစ်ခုက လူဦးရေ အပေါ် အခြေခံပြီး ရွေးချယ်တင် မြောက်ထားတဲ့ ကိုယ်စားလှယ် အမတ်တွေနဲ့ဖွဲ့ထားတဲ့ ပြည်သူ့လွတ်တော်ခေါ် အောက်လွတ်တော် အဲဒီလွတ်တော်မှာ ဗမာ တိုင်းရင်းသား ကိုယ်စားလှယ် အများကြီးဖြစ်လိမ့်မယ်။
ဒုတိယအချက်က ပြည်နယ်အလိုက် တူညီတဲ့အရေတွက်နဲ့ မြှောက်ထားတဲ့ ကိုယ်စားလှယ်အမတ်တွေနဲ့ လူမျိုးစု လွတ်တော်ခေါ် အမျိုးသား လွတ်တော် အထက်လွတ်တော်ဖြစ်တယ်။ ဒါပေမယ့်အဲဒီမှာက ပြည်နယ်ခုနှစ် ရှိသလို ပြည်မကို ကိုယ်စားပြုတဲ့ တိုင်းခုနှစ်တိုင်း ဖွဲ့စည်းထားတဲ့အခါ ဗမာလူမျိုးစု တိုင်းရင်းသားတွေကပဲ ပြန်ပြီး လွှမ်းမိုး နေပြန်တယ်။ဒါကြောင့်ပြည်မကို တိုင်းခုနှစ်ခုအစားသင့်တော်တွက်ရှိ တဲ့ ပြည်နယ်များအဖြစ် ပြောင်းလဲဖွဲ့ စည်းဖို့ လိုမယ်။နောက်တစ်ခုက ပြည်နယ်တိုင်းမှာ သူရဲ့ဖွဲ့စည်းပုံ အခြေခံ ဥပဒေရှိမယ်။
ပြည်နယ်တိုင်းမှာ ဥပဒေပြုရေး အာ ဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ ရှိရမယ်။ ပြည်နယ်အ တွင်း မှာရှိတဲ့လူနည်းစုတွေ ရဲ့အခွင့် အရေး တွေကိုလည်း အပြည့်အဝ အသိအမှတ်ပြုပြီး လုံလောက်တဲ့ အကာ ကွယ်ပေးရ မယ်။ပြည်နယ်ထဲက အစိုးရကို ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်တင်မြှောက်ခွင့် ရှိရမယ်။ ပြည်နယ်တိုင်းကစစ်မှန် တဲ့ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရမယ်။ အမျိုးသားလွတ်တော် ပြည်သူလွတ်တော် ပြည်နယ်လွတ်တော်တွေမှာ လူထုတွေရဲ့ ရွေးကောက် တင်မြှောက်သူဖြစ်ရမယ်။
၅၊တန်းတူပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ စစ်မှန်တဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့ ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို တည်ဆောက်မယ်ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံကို အစ လယ်အဆုံ ပြင်ဆင်ရမယ်။
ဘယ်ပိုဒ်ကိုပြင်သင့်သလဲဆိုတာ ထပ်ပြီးဆွေးနွေးပါဦးမယ်။
၆၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်လို့ရှိရင် လွတ်တော်ကို တင်သွင်း တဲ့နည်းလမ်းနဲ့ မလွယ်ဘူး။ ၂၀၀၈ဖွဲ့စည်းပုံမှာ အကန့် သတ်တားမြစ်ထားတာတွေ အများကြီးရှိတယ်။ ဒါကြောင့် လွတ်တော်ပြင်ပဖြစ်တဲ့ ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ နည်း လမ်းဖြစ်တဲ့ ညီလာခံကြီး တစ်ရပ်ခေါ်ယူပြီးပြင်ရမယ်။
၇၊ ငြိမ်းချမ်းရေးရရန်အတွက် တပြည်လုံး အပစ်အခတ်ရပ်စဲရေး၊ အပြစ်အခတ် ရပ်စဲရေး ခိုင်မာတည် ဆောက်ရေး၊ အထွေထွေ ကင်းလွတ်ငြိမ်းချမ်းသာခွင့်ပေးရေး၊ ပင်လုံစိတ်ဓာတ် အခြေခံတဲ့ ညီလာခံ ကျင်းပရေး၊ ယင်းညီလာခံမှာ ၂၀၀၈ဖွဲ့ စည်းကို ပြင်ဆင်ပြီး ဆုံးဖြတ်ချက် ချမှတ်ခြင်း။ အစိုးရက ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်ပေးခြင်းနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်း။
၈၊ ကယန်းဒေသသည် နယ်ချဲ့ အင်္ဂလိပ်၏ နယ်မြေ သတ်မှတ်မှုကြောင့် မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည် နယ်၊ ကရင်ပြည်နယ် အစွန်းဖျား ဒေသအဖြစ်ကွဲပြားနေပါတယ်။ တကယ်တော့ နယ်မြေက တဆက်တည်းဖြစ်ပါတယ်။ ဒါ ကြောင့်ကွဲ ပြားနေတဲ့ ဒေသတွေကို ပြန်လည် ပေါင်းစုပြီးတော့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရန် အတွက် လိုလားကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကယန်းဒေသက ကယားပြည်နယ်တွင်မှာ ဖြစ်ပါတယ်။
မေး။ ။ ဖက်ဒရယ်နှင့် တိုင်းရင်းသားတွေရဲ့အမြင်ဆွေးနွေးပွဲမှာ တက်ရောက်သူူတွေက မေးခွန်းမေးတာမျိုး ရှိသလား အဲဒါတွေက ဘာတွေလဲ။ ပြီးတော့ ဆရာကရော မေးခွန်းတွေကို ပြန်လည်ဖြေကြားတာမျိုးရှိလား။
ဖြေ။ ။ တက်ရောက်သူက မေးခွန်းမေးလာတယ် အဲဒါတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်တာဖြစ်နိုင်ပါ့မလားအ ခက်ခဲတွေမရှိ နိုင်ဘူးလားမေးလာတယ်။ ကျနော်ကတော့ အခက်ခဲအများကြီး ရှိပါတယ် ငြိမ်းချမ်းရေးရဖို့အတွက် ဒီ နည်းလမ်းပဲရှိတယ် ဘယ်လို အခက်အခဲပဲ ရှိရှိကျော်လွှားသွားရမှာဖြစ်တယ်။
မေး။ ။ နောက်တစ်ခုက စစ်အာဏာရှင်စနစ်က ဒီနေ့အထိရှိတယ်ဆိုတာ ဟုတ်ရဲ့လားမေးလာတယ်။ ကျနော်ကလဲ အထောက်အထား အကိုးအကားနဲ့ပြောပြီး ယနေ့အထိ စစ်အာဏာရှင်ဖြစ်နေဆဲပဲလို့ ပြန်ပြောလိုက်ပါတယ်။မေးတာ တော့အများကြီးပါ။
မေး။ ။ ဖက်ဒရယ်နှင့် တိုင်းရင်းသား အမြင်ဆွေးနွေးပွဲမှာ ကယန်းပြည်သစ် ပါတီအနေနဲ့အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သတ်ပြီး ဘာတွေဆွေးနွေးလဲ။
ဖြေ။ ။ ငြ်ိမ်းချမ်းရေးဆိုတာ အပစ်ခတ်ရပ်စဲရေးတစ်ခုတည်းမလုံလောက်ပါဘူး။ နိုင်ငံရေးပြသနာ တွေကြောင့် လက်နက်ကိုင်တွေ ပေါ်ပေါက်လာတာဖြစ်တယ်။ ဒါကြောင့် အပစ်အခတ် ရပ်စဲရေးအတွက် ပြောနေဆိုနေ တချိန်တည်း မှာပဲ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်မှသာ အပစ်အခတ် ရပ်စဲရေးက ခိုင်မာပြီးတော့ နောက်တ ဆင့်အနေနဲ့ ငြိမ်းချမ်းရေး အဆင့်ကို တက်လှမ်း နိုင်မှာဖြစ်တယ်။
မေး။ ။၂၀၀၈ဖွဲ့စည်းပုံနဲ့ ပတ်သတ်ပြီး ဘာတွေ ထပ်ဆွေးနွေးဖြစ်လဲ။
ဖြေ။ ။ ကျနော်ဆွေးနွေးတာက ၂၀၀၈ဖွဲ့စည်းပုံမှာ မုချပြင်ရမယ့် ပုဒ်မ ရ၈ ခုကို တင်ပြတယ်။ ဒါပေမယ့် တကယ် တမ်းမှာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို စလယ်ဆုံး အကုန်လုံး ပြင်ရမယ်ဆိုလို့ဆွေးနွေးခဲ့ပါတယ်။
နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးဆောင်ပြီး စီစဉ်တင်ဆက်နေသော ဖက်ဒရယ်မူနှင့် တိုင်းရင်းသား တို့၏ အမြင်ကို ရှမ်း၊မွန်၊ ရခိုင်၊ ကယန်းလူမျိုးတို့ ဖက်ဒရယ် အပေါ်အမြင်ကို တင်ဆက်ခဲ့ပြီးဖြစ်ပါသည်။ နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့သည်၊ ဖက်ဒရယ်မူနှင့် တိုင်းရင်းသားတို့၏ အမြင်က (၁၀/၂၀၁၃) လာမည့်နှစ်ပတ်အတွင်း ကျင်းပရန် ရှိနေပါသည်။



