တနင်္သာရီတိုင်း ဘိတ်ခရိုင် အခြေစိုက် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့ တို့သည် ယမာန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း မွန်ပြည်သစ် ပါတီ ဒေသခံ တပ်မှူး တမော့ချမ်း က ပြောသည်။

“မနေ့က အစိုးရ တပ်ဖွဲ့ တို့နဲ့ ကျွန်တော်တို့ တပ်ဖွဲ့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့တယ်။ ကျွန်တော်တို့ တပ်ဖွဲ့ ရှိတဲ့ နေရာကို အကြောင်း မကြားဘဲ ဝင်လာတဲ့ အတွက်ကြောင့် တိုက်ပွဲ ဖြစ်ပွား ခဲ့တာပါ” ဟု ဆိုပါသည်။
ထိုင်း-မြန်မာ နယ်စပ် ဖြစ်သော ထိုင်းတောင်ပိုင်း ပရာဂျွဇ် ခီရီခန် ခရိုင်ရှိ ဗာန်စဖန်နွဲ့ (တံတားလေး ကျေးရွာ) နှင့်ဗန်စဖန်ယိုင်း (တံတားကြီး ကျေးရွာ) အကြားရှိ မွန်ပြည်သစ် ပါတီ ဘိတ်ခရိုင် တပ်ဖွဲ့ များ၏ ခြေစိုက် စခန်း ဖြစ်သော သုမင်္ဂလံ ကျေးရွာ အတွင်းသို့ တနင်္သာရီတိုင်း ခမောက်ကြီး အခြေစိုက် အမှတ် (၂၀) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ ကျောက်ထနောင်း ကျေးရွာ အခြေစိုက် ခမရ ၅၈၁ ဗိုလ်ကြီး နေမျိုး ဦးဆောင်သော တပ်ဖွဲ့ အင်အား (၂၁) ဦးတို့နှင့် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။
ရင်ဆိုင် တိုက်ပွဲမှာ (၁၀) မိနစ် ခန့်သာ ဖြစ်ပွား ခဲ့သော်လည်း နှစ်ဖက် စလုံး အကျအဆုံး အထိအခိုက် ရှိခဲ့သည်။ မွန်ပြည်သစ် ပါတီ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး ခဲ့ပြီး အစိုးရ တပ်ဖွဲ့မှ (၁) ဦး ကျဆုံးကာ (၄) ဦးဒဏ်ရာ ရရှိ ခဲ့ကြောင်း ဗိုလ်ကြီး တမော့ချမ်း က ပြောသည်။
ထို့ပြင် ၄င်းကျဆုံး သွားသော မွန်ပြည်သစ် ရဲဘော် နှစ်ဦး၏ ပစ္စည်း အားလုံးနှင့် လက်နက် ကျည်ဆံ တို့ကို အစိုးရ တပ်က သိမ်းယူ သွားခဲ့ကြောင်း ဘိတ်ခရိုင် အခြေစိုက် မွန်ပြည်သစ် တပ်မှူးမှ ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၉) ရက်နေ့က တွင်လည်း ၄င်း ခမရ ၅၈၁ စစ်ကြောင်းသည် ယခု တိုက်ပွဲ ဖြစ်ပွားသည့် နေရာနှင့် (၄) နာရီခရီး ကွာဝေးသော မွန်ပြည်သစ် ပါတီမှ တည်ထောင် ပေးသော ရွာသစ် ကျေးရွာ အတွင်းသို့ ဝင်ရောက်ကာ မွန်ပြည်သစ် ပါတီ အလံကို ပိုင်းခုတ်ချ ပြီး မီးရှုုိ့ လိုက်ကြောင်း ဆိုပါသည်။
ယနေ့ လက်ရှိ အနေအထား၌ ၄င်း တိုက်ပွဲ ဖြစ်ပွားရာ နေရာတွင် မွန်ပြည်သစ် ပါတီ ဘိတ်ခရိုင် အခြေစိုက် တပ်ဖွဲ့ များက စစ်ရေး အသင့် အနေအထား နေရာ ယူထားလျက် ရှိကာ အစိုးရ တပ်၏ လှုပ်ရှား စစ်ကြောင်းများ ထပ်မံ ထိုးလာပါက တိုက်ပွဲ ဖြစ်နိုင်သည့် အနေအထား ရှိပြီး ၄င်းဒေသတွင် စစ်ရေး အရ တင်းမာ နေသည့် အနေထား၌ ရှိသည်။
မွန်ပြည်သစ် ပါတီ၏ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (MNLA) တပ်ဖွဲ့တို့နှင့် အစိုးရ တို့သည် ပြီးခဲ့သည့် အပစ်အခတ် ရပ်စဲရေး ပျက်ပြားခဲ့သည့် ၂၀၁၀ ခုနှစ်တွင်ပင် ယခု ကဲ့သို့ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြခြင်း မရှိခဲ့ပေ။
ယခု ကဲ့သို့ နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ခြင်းသည် ၂၀၁၂ ဖေဖော်ဝါရီလ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် ရရှိခဲ့ပြီး နောက်ပိုင်း ပထဆုံး အကြိမ် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြခြင်း ဖြစ်သည်။



