RCSS အစီအစဉ်ဖြင့် ပြည်ပရောက်ရှမ်းများ သန်းခေါင် စာရင်းစတင်ပြုစု

RCSS အစီအစဉ်ဖြင့် ပြည်ပရောက်ရှမ်းများ သန်းခေါင် စာရင်းစတင်ပြုစု
by -
ရွှေဟင်္သာ

အစိုးရ စစ်ဆင်ရေးကြောင့် ထွက်ပြေး တိမ်းရှောင် ခဲ့ရသော ရှမ်းလူမျိုးများအား ပြန်လည်နေရာ ချထားရေးနှင့် မှတ်ပုံတင် ပြန်လည် ရရှိရေးအတွက် သန်းခေါင် စာရင်းကောက်ခံရေးကို ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် စတင် ကောက်ခံ နေပြီးဖြစ်သည်ဟု ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) မှ စာရင်း ကောက်ခံနေသူ တစ်ဦးက ဆိုပါသည်။

“ ဒီနေ့ ကျနော် စပြီးကောက်တာ လူပေါင်း ရာချီရနေပါပြီး၊ တချို့ကတော့ အံ့သြပါတယ်။ တချို့ကတော့ မထင်မှတ်ထားဘူး။ ဒီလိုပြန်ရလာလိမ့်မယ် ဆိုတာပေါ့။ နေရာအနှ့ံ လူခွဲပြီး စလုပ်နေတာတော့ ရှိတယ်။ လူတွေက သိပ်မသိကြသေးဘူး” ဟု ဆိုပါသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်တွေ့ဆုံစဉ် (ဓါတ်ပုံ - RCSS)

အစိုးရတပ်ဖွဲ့များသည် ၁၉၉၆ ခုနှစ်တွင် ဖြတ်လေးဖြတ်ဖြင့် ရှမ်းပြည်တောင်ပိုင်းကို စစ်ဆင်ခဲ့ပါသည်။ ဤစစ်ဆင်ရေးကြောင့် ကျေးရွာများ မီးရှို့ဖျက်ဆီးခြင်း၊ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်သည့် မြေလှန် စနစ်မျိုုးဖြင့် ကျင့်သုံးခဲ့ရာ ရှမ်းလူမျိုးများ သိန်းနှင့်ချီပြီး ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးခဲ့ကြရသည်ဟု ဆိုပါသည်။

RCSS သည် ပြည်ပရောက်ရှမ်းများ မိမိနေရပ်သို့ ပြန်လည် အခြေချရန်နှင့် ပြန့်ကျဲနေသော  ရှမ်းလူမျိုးများ ပြန်လည် စုစည်းရန် လိုလားနေပါသည်။ ဤသို့ကြောင့် ပြန်လည် နေရာချထား ရေးနှင့် မှတ်ပုံတင် ပြန်လည်ရရှိရန် ပြီးခဲ့သည့် ဇွန်လ(၁၀)ရက်နေ့တွင် ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်ကိုယ်တိုင် သမ္မတဦးသိန်းစိန်နှင့် သွားရောက်တွေ့ဆုံပြီး ဆွေးနွေးတင်ပြခဲ့ပါသည်။  

အစိုးရသည် ထွက်ပြေးသွားသော ရှမ်းလူမျိုးများ ပြန်လည်နေရာချပြီး သန်းခေါင် စာရင်းရယူရန် ဦးစွာဆောင်ရွက်ရ မည်ဟု သဘောထားခဲ့ပါသည်။ သို့သော်လည်း နေရပ်စွန့်ခွာ သူများသည် မိမိတို့ လုံခြုံရေးအတွက် စိတ်မချခြင်း၊ ၄င်းတို့ကျေးရွာများ မရှိတော့ခြင်းနှင့် လုပ်ကိုင်စားသောက်ရန် အသင့်အနေအထား မရှိတော့ခြင်းကြောင့် နေရပ်ပြန်ရန် တွန့်ဆုတ်နေကြသည်ဟု ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလောဝ်ဆိုင်က ဆိုပါသည်။

“ ပြသနာကတော့ အစိုးရဖက်က ပြောတော့ လူတွေအရင် ပြန်လာကြပြီးရင် သန်းခေါင် စာရင်းကောက်ပေါ့ နော်။ အဲဒါမှ မှတ်ပုံတင်လုပ်လို့ ရမှာပေါ့လို့ သဘောထားပါတယ်။ ဒါပေမဲ့ ထွက်ပြေးခဲ့ရသူတွေ ဖက်ကလည်း စိတ်ချရတဲ့ အခြေအနေ မရှိသေးဘူး။ ဘယ်မှာသွားနေရမလဲ ဘာနဲ့လုပ်စားမှာလဲ ဆိုတဲ့ အခြေအနေမျိုုး တင်ပြကြတယ်။ ဒီတော့ ခက်ပါ တယ်။ ဘာဘဲပြောပြော ကျနော်တို့က သူတို့ရှိတဲ့နေရာမှာဘဲ သန်းခေါင်စာရင်းကို အရင်ကောက်ထားဖို့ပါ” ဟုဆိုပါသည်။

ဤပြသနာသည် အစိုးရဖက်မှ တခြားနည်းလမ်းဖြင့် ကူညီဖြေရှင်း သင့်သည်ဟု RCSS ဖက်မှ တောင်းဆိုလို ကြောင်း ယမာန်နေ့၌ ဦးလှမောင်ရွှေ ခေါင်းဆောင်သော အစိုးရငြိမ်းချမ်းရေး နည်းပညာ အထောက်အကူပြု အဖွဲ့နှင့်တွေ့ဆုံစဉ် တင်ပြထားပါသည်။

RCSS သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့်မှတ်ပုံတင်ရ ရှိရေး၊ ဆက်ဆံရေးရုံး တိုးချဲ့ရေး၊ ဖမ်းဆီးထားသော RCSS တပ်ဖွဲ့ဝင်များ ပြန်လည် လွှတ်ပေးရေးနှင့် ငြိမ်းချမ်းရေးအတွက် စောင့်ကြည့်ရေး အဖွဲ့ ဖွဲ့စည်းရေးကို တောင်းဆိုထားသည်ဟု ဆိုပါသည်။

RCSS သည် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အပစ်အခတ် ရပ်စဲထားသော်လည်း တိုက်ပွဲပေါင်း အကြိမ် (၆၀) ကျော် အတိုက်ခိုက် ခံခဲ့ရပါသည်။ သို့သော်လည်း အပစ်အခတ် ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းလာခဲ့ပြီး နိုင်ငံတော် သမ္မတ အပါ၀င် ပြည်တွင်းနိုင်ငံ အင်အားစုများနှင့် တွေ့ဆုံပြီး ပြည်တွင်း ငြိမ်းချမ်းရရှိရန် အမြင်ဖလှယ်ခဲ့ကြပါသည်။

Most read this week