အစိုးရနည်းပညာ အထောက်အကူပြု အဖွဲ့ (Technical Team) သည် တပြည်လုံး အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးပွဲ တရပ် ကျင်းပကြရန် လိုအပ်သည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ဧ။် နည်းပညာ အထောက်အကူပြု အဖွဲ့အား အဆိုသစ် တစ်ရပ် တင်ပြခဲ့ကြောင်း အဖွဲ့ခေါင်းဆောင် ပဒိုမန်းမန်းက ဆိုပါသည်။

“ ကျနော်တို့ကနိုင်ငံရေး ဆွေးနွေးပွဲအတွက် မူဘောင်ဆွေးနွေးဖို့တင်ပြတယ်။ သူတို့က အဲဒီအဆိုကို တင်ပြသွား တယ်။ နိုင်ငံရေးမူဘောင်ဆွေးနွေးဖို့ တရားဝင် ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို့တော့ ရှိတယ်။ ဒါကို ဒီလ (၂၀) ရက်နေ့ နောက်ပိုင်း အကြောင်းပြန်မယ်လို့တော့ ပြောပါတယ်” ဟုဆိုပါသည်။
အစိုးရ ကိုယ်စားလှယ်များသည် တပြည်လုံး အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးပွဲ အဆိုတခုသာ တင်ပြခဲ့ ပါသည်။ UNFC ဖက်ကမူ တပြည်လုံး အပစ်အခတ် ရပ်စဲရေးကို လက်မှတ် ထိုးရမယ် ဆိုပါက နိုင်ငံရေးသဘော တူညီချက် ရရှိရန် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ပါကိုပါရှိ ရမည်ဖြစ်ကြောင်း။ နိုင်ငံရေး ဆွေးနွေးမှုမပါလျှင် ရှေ့ဆက် သွား နိုင်လိမ့်မည် မထင်ကြောင်း တင်ပြခဲ့သည်ဟု ဆိုပါသည်။
ထို့အပြင် တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးသည့် အခါ၌လည်း စစ်ဖက်ဆိုင်ရာ သဘောတူညီချက်များ ပါရှိရန်လိုကြောင်း ဥပမာ အားဖြင့် တိုင်းရင်းသား ဒေသများတွင် အစိုးရတပ်များ ဆုတ်ပေးရန် လျှော့ပေးရန် ဆိုသည့် သဘောမျိုးရှိရန် လိုအပ်သည်ဟု တင်ပြထားကြောင်း ဆိုပါသည်။
နှစ်ဖက်သော တင်ပြချက်များအား ဆိုင်ရာ အထက်အဖွဲ့များသို့ ပြန်လည် တင်ပြသွားမည်ဟု နှစ်ဖက်သော နည်းပညာ အထောက်အကူပြု အဖွဲ့များက သဘောတူကြပါသည်။
တရားဝင် ကိုယ်စားလှယ်များဖြင့် နိုင်ငံရေး မူဘောင် ဆွေးနွေးကြရန် ယခင်အစည်းအဝေးတွင် သဘောတူ ထားခဲ့ပါ သည်။ ဤသို့ကြောင့် ဆွေးနွေးကြမည့် ရက်ကို လာမည့်ဇူလိုင် (၂၀) ရက်နေ့ နောက်ပိုင်း အကြောင်းပြန်ကြားပေးမည်ဟု အစိုးရ ကိုယ်စားလှယ်များက သဘောတူထားပါသည်။
ယင်းနိုင်ငံရေး မူဘောင်ဆွေးနွေးပွဲကို ပြည်ပနိုင်ငံတွင် ကျင်းပသွားရန် သဘောတူထားပြီး၊ ဆွေးနွေးပွဲသို့ တတိယ အင်အားစုများက စောင့်ကြည့်လေ့လာသူများ ပါ၀င်ရေးကိုလည်း သဘော တူထားြ ပီးဖြစ်သည်။
UNFC နည်းပညာ အထောက်အကူပြု အဖွဲ့နှင့် အစိုးရ နည်းပညာ အထောက်အကူပြု အဖွဲ့တို့သည် ယနေ့မနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲ တက်ရောက် ခဲ့သော UNFC ကိုယ်စားလှယ်များမှာ ကရင်အမျိုးသား အစည်းအရုံး KNU မှ ပဒိုးမန်းမန်းက ခေါင်းဆောင်ပြီး၊ ကချင်လွတ်မြောက်ရေး အဖွဲ့ချုပ် KIO မှ ဗိုလ်မှူးကြီး ကြည်နောင်၊ မွန်ပြည်သစ်ပါတီ NMSP မှ ခွယ်ဟောင်မွန်၊ အမျိုးသား ညီညွတ်ရေးပါတီ ရခိုင်ပြည် NUPA မှဦးထွန်းဇော်၊ ကရင်အမျိုးသားအစည်းအရုံး KNU မှ သြပေါ်မူ၊ ကရင်နီ တိုးတက်ရေးပါတီ KNPP မှ ဦးအောင်ဆန်းမြင့် တို့ဖြစ်ကြပါသည်။
အစိုးရ ကိုယ်စားလှယ်များမှာ ဦးလှမောင်ရွှေ ခေါင်းဆောင်သော အဖွဲ့များက UNFC အပါအဝင် ကျောင်းသား တပ်မတော် (ABSDF) ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ ( RCSS) ၊ WGEC နှင့် အခြား အမည်မဖေါ်လိုသော အဖွဲ့နှစ်ဖွဲ့ပါ တွေ့ဆုံဆွေးနွေးသွားရန် ရှိကြောင်း ဆိုပါသည်။



