တပ်စခန်းဆုတ်ခွာရန် ငြင်းဆိုခဲ့သော ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ရှိ ဝသွေး စည်းညီညွတ်ရေး တပ်မတော် (UWSA) တပ် စခန်း တစ်ခုကို အစိုးရ တပ်ဖွဲ့တို့က ယနေ့အထိ ဝိုင်းထားဆဲ ရှိကြောင်း UWSA ၏ ပြင်ပ ဆက်ဆံရေး ဌာန တာဝန်ခံ ဦးဆမ်ခွန်းက ဆိုပါသည်။

“ ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ထဲမှာ ရှိတဲ့ ကျွန်တော်တို့ လွယ်ကောင်မူး စခန်းကို ဆုတ်ခိုင်းတယ်။ ကျနော်တို့က မဆုတ်ဘူး။ အဲဒီတော့ ပြီးခဲ့တဲ့ ဇွန်လ အကုန်ပိုင်း ကနေ ကနေ့အထိ တစ်ပတ်လောက် ရှိပြီး၊ ဝိုင်းခံထား ရဆဲပါ။ မဆုတ်တဲ့ စခန်းတွေ အားလုံးကို ၀ိုင်းတယ်။ တိုက်တော့ မတိုက်ဘူး။ ကျနော်တို့ခေါင်းဆောင် တွေကလည်း ဒီကိစ္စကို ဖြေရှင်းပေးဖို့ ကျိုင်းတုံမြို့ကိုရောက်နေတယ်။ အစိုးရ ဘက်ကတော့ ဖြေရှင်းပေးမယ်လို့ အကြောင်းပြန် ထားပေမဲ့ ယခုအထိ ဘာမှ မဖြေရှင်း ပေးသေးပါဘူး” ဟု ဆိုပါသည်။
အစိုးရ တပ်များသည် တောင်ပိုင်းရှိ UWSA တပ်ဖွဲ့ စခန်းများကို စာရင်း ပြုစုပေးရန် တောင်းဆိုနေပြီး၊ တချို ့ စခန်းများကို ဆုတ်ခွာပေးရန် တောင်းဆိုခဲ့ကြောင်း ဆိုပါသည်။ UWSA တပ်များကလည်း အစိုးရ တပ်များ၏ တောင်းဆိုမှုကို ငြင်းဆန် သဖြင့် ပြီးခဲ့သည့် ဇွန်လ၂၇ ရက်နေ့က သံလွင်မြစ်ကူး တံတားတာ့ဆန်းမှ တဆင့် လက်နက်ကြီး အပါအဝင် စစ်ကား အစီး၂၀ ဖြင့် မြန်မာစစ်တပ်က ရောက်ရှိလာပြီး အဆိုပါ စခန်းအား ဝိုင်းထားခြင်းဖြစ်သည်ဟု ဆိုပါသည်။ အဆိုပါ စခန်းသည် မိုင်းတုံမြို့နယ် တောင်ဘက် ၁၀ မိုင်ကျော် မဲကင် အရှေ့ဘက် မောက်စလီ အနီး၌ ရှိသော စခန်းဖြစ်ပါသည်။
ထိုသို့ နှစ်ဦးနှစ်ဘက် တင်းမာလာခြင်းသည် ပြီးခဲ့သည့် မေလ အတွင်းက ပုံပါကျင် မြို့နယ်ခွဲ မိုင်းခစ်အုပ်စုရှိ UWSA တပ်ဖွဲ့ပိုင် ရော်ဘာခြံ တစ်ခြံကို အစိုးရ တပ်ဖွဲ့မှ လာရောက် သိမ်းလိုက်သည့် အချိန်မှ စပြီး ဖြစ်လာခဲ့ရာ ၀ တပ်စခန်းများအား ဆုတ်ခွာပေးရန် တောင်းဆိုခဲ့ရာမှ နောက်ဆုံး၌ ၀ိုင်းလာသည် အထိ ဖြစ်ခဲ့သည်ဟု တရုတ် ပြည် နယ်စပ်မှ စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇော်က ဆိုပါသည်။
ထို့အပြင် အစိုးရတပ်များသည် UWSA တပ်ဖွဲ့များ၏ တပ်စခန်း အနီးတဝိုက်တွင် စခန်းဆောက်လုပ်ပြီး တပ်စွဲလာခြင်းများ ရှိလာနေသဖြင့် နှစ်ဘက် စစ်ရေး တင်မာမှုများ ရှိလာခဲ့ခြင်း ဖြစ်ကြောင်း ဦးဆမ်ခွန်းက ဆိုပါသည်။
မိုင်းဆတ်၊ မိုင်းတုံမြို့နယ် မှ နယ်စပ် တစ်လျှောက်ရှိ UWSA တောင်ပိုင်း တပ်များသည်အမှတ် ၁၇၁ စစ်ဒေသ အခြေစိုက် တပ်ဖွဲ့များဖြစ်ပြီး ယင်းစစ်ဒေသ၌ တပ်မဟာ (၅) ခု ရှိရာ စုစုပေါင်း အင်အား ၁၅၀၀၀ ခန့် ရှိကြောင်း စစ်ရေးလေ့လာသူများကခန့်မှန်းကြပါသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်နှင့် အဖွဲ့သည်လည်း ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့၌ ရှမ်းပြည် အရှေ့ပိုင်း UWSA ဌာနချုပ်သို့ ရောက်ရှိ စဉ် UWSA မှ ဒုံးလက်နက် တင်ဆောင်ပြီး ပစ်ခတ်နိုင်သည့် ရဟတ်ယာဉ်များ ဝယ်ယူခြင်း ကိစ္စကို မေးမြန်းခဲ့ကြောင်း UWSA က ဆို ပါသည်။
ဤကဲ့သို့ တင်းမာလာသော အခြေအနေများကြောင့် UWSA သည် ၂၀၁၃ ခု ဇွန်လ တတိယ အပတ်မှ စတင်ပြီး လက်အောက်ခံ တပ်ဖွဲ့များနှင့် ၄င်းတို့၏ မိသားစုဝင်များအား အရေးကြီး ကာလ အဖြစ် သတ်မှတ်ကာ စစ်ရေးသတိ အသင့် ပြင်ဆင်ထားကြရန် အမိန့် ထုတ်ထားကြောင်း ဒေသခံများက ဆိုပါသည်။



