တိုးတက်မှု မရှိသည့် တွေ့ဆုံပွဲကို KNU က မလိုလား

တိုးတက်မှု မရှိသည့် တွေ့ဆုံပွဲကို KNU က မလိုလား
by -
ရွှေဟင်္သာ

ဆွေးနွေးထားသည့် နှစ်ဘက် တပ်ဖွဲ့များ လိုက်နာရမည့် ကျင့်ဝတ်များကို အစိုးရဘက်မှ လိုက်နာမှုမရှိပါက ဇူလိုင်လ အတွင်း၌ ထပ်မံတွေ့ဆုံနိုင်မည် မဟုတ်တော့ကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့၏ တွဲဖက် အတွင်း ရေးမှူး ပဒိုမန်းမန်းက ယနေ့ပြောကြား ခဲ့ပါသည်။

KNU အလံနှင့် စက်ကြီးသေနတ် KNU အလံနှင့် စက်ကြီးသေနတ် (ဓါတ်ပုံ - ဘဲဆရာ)

“ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ အလွတ်သဘော တွေ့ဆုံထားတဲ့ အပေါ်မှာ တိုးတက်မှု မရှိဘူးဆိုရင်ဒီဇူလိုင်လ အတွင်း မှာ အစိုးရနဲ့ ပြန်တွေ့ဖို့ဆိုတာကတော့ အလားအလာ နည်း သွားစေတယ်” ဟု ဆိုပါသည်။

ဇူလိုင်လ အတွင်း အလွတ်သဘော ထပ်မံတွေ့ဆုံရန် ဇွန်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ အထိရန်ကုန်မြို့ရှိ မြန်မာ ငြိမ်းချမ်းရေး စင်တာတွင် KNU နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ အလွတ်သဘောတွေ့ဆုံခဲ့စဉ် သဘောတူခဲ့ပါသည်။

ဤသို့ကြောင့် တပ်ပိုင်း ဆိုင်ရာ နေရာ ချထားရေး ကိစ္စများသည်  အပစ်အခတ် ရပ်စဲရေးအတွက် ပိုမို အရေးကြီးသလို လိုအပ်ချက်အရ အစိုးရတပ်များ ရွေ့ပြောင်းရေးကိစ္စသည်လည်းမဖြစ်မနေ ထပ်မံ ဆွေးနွေး သွားရမည့် ကိစ္စ ဖြစ်ကြောင်း၊ ဤအချက်များ အပေါ်၌ အကျုံးဝင်မှု၊ သက်ရောက်မှုများမည်သို့ ရှိသည်ဆိုသည့် အပေါ်၌သာ မူတည်ပြီး တွေ့ဆုံရေး ကိစ္စကို သတ်မှတ် သွားတော့မည် ဖြစ်ကြောင်း ပဒိုမန်းမန်း က ဆိုပါသည်။

“နှစ်ဖက် လိုက်နာရမဲ့ ကျင့်ဝတ်တွေ ဆွေးနွေးထားပေမဲ့ အစိုးရတပ်တွေ အင်အား တိုးချဲ့ချလာတယ်၊ အခိုင်အမာ တပ်စခန်း အဖြစ် တည်ဆောက်လာနေတယ်၊ နေရာတိုင်းမှာ အတော်များများ မှာ အရင်က ထက်စာရင် KNU တပ်ဖွဲ့နား ကပ်ပြီးတော့ စခန်းချ တပ်စွဲ ထားတာ ရှိလာပါတယ်” ဟု ဆိုပါသည်။

ဤသည် အချိန်မရွေး တိုက်ပွဲများ ပြန်လည် ဖြစ်ပွား လာနိုင်သည်ကို သိလျှက်နှင့် အစိုးရဖက်မှ ဖန်တီးနေသလို ဖြစ်ပါသည်။ ဤသို့ကြောင့် အစိုးရ တပ်များသည် အပစ်အခတ် ရပ်စဲရေးကို ထိန်းသိမ်း ရမည့်အစား စစ်ရေးအရ အပေါ်စီး ရယူမှုများကိုသာ ပြင်ဆင် လာနေသဖြင့် အချိန်မရွေး ပြန်လည် ပစ်ခတ် လာနိုင်ကြောင်း ပဒိုမန်းမန်း ကဆိုပါသည်။

KNU သည် အခြား တိုင်းရင်းသားများ နည်းတူ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ဖြင့် နှစ်ပေါင်း ၆၀ ကျော် တိုက်ပွဲ ဝင်လာခဲ့ပြီး ဖြစ်သည်။ နောက်ထပ် အဆိုးဆုံး အခြေအနေကို ရင်ဆိုင် ကျော်လွှားရန်လည်း ဝန်လေးတော့မည် မဟုတ်တော့ဟု ဆိုပါသည်။

KNU သည်  စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရန် အတွက်  နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးခြင်းဖြင့်သာ အဖြေရှာရန်လိုလားသော အဖွဲ့ဖြစ်ကြောင်း ဆိုပါသည်။

အစိုးရ အဖွဲ့သည် တိုင်းရင်းသား အဖွဲ့များအပေါ် လှည့်စားတိုင်း ၄င်းတို့၏ တွေ့ဆုံ ဆွေးနွေးရေး ကိုယ်စားလှယ် ခေါင်းဆောင်များကို အပြောင်းအလဲ လုပ်ဆောင် ခဲ့သည်ချည်း ဖြစ်ပါသည်။ ထိုသို့ ပြောင်းလဲခဲ့ပြီးနောက် နှစ်ဖက် ရရှိထားသည့် သဘော တူညီချက်များကို ဖျက်သိမ်းသည့် အနေနှင့် အသစ် တာဝန်ပေးထားသော သူများဖြင့် အလွတ်သဘော ထပ်မံဆွေးနွေး တတ်ပါသည်။ ဤကဲ့သို့ ဖန်တီးလာပါက KNU အနေနဲ့ လက်ခံမည် မဟုတ်ဟု ဆိုပါသည်။

ယခု အချိန်တွင်လည်း ဤသို့သော အခြေအနေမျိုုး ဖန်တီးလာနေပြီး လွှတ်တော်နှင့် အစိုးရ သဘောထား ကွဲသယောင်ယောင်၊ အရေးပေါ် လုံခြံုရေး ကောင်စီ ခေါ်တော့ မယောင်ယောင် နှင့် ၀န်ကြီး ဦးအောင်မင်းနှုတ်ထွက်တော့ မယောင် ယောင်  သတင်းများ ဖြစ်လာနေပါသည်။  ဤသည် အစိုးရ၏ နောက်ထပ် နည်းပရိယာယ် အသစ်တရပ် ထပ်မံ ခင်းကျင်းနေသည်ဟု ယူဆနေကြပါသည်။

KNU နှင့် အစိုးရ တို့သည် ၂၀၁၂ ခုနှစ် အတွင်း၌ ပြည်နယ် အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ နှင့် ပြည်ထောင်စု အဆင့် တွေ့ဆုံ ဆွေးနွေးပွဲ အဖြစ် နှစ်ကြိမ် တိုင်တိုင် တရားဝင် တွေ့ဆုံ ခဲ့သော်လည်း ယနေ့အထိ တိုးတက်မှု မရှိသေးဟု ဆိုပါသည်။

Most read this week