မွန်ပြည်နယ် ရေးမြို့နယ် အခြေစိုက် အစိုးရ၏ အမှတ် (၁၉) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ အမှတ် ခမ ရ (၅၈၆) တပ်ရင်းသည် ကာကွယ်ရေး ၀န်ကြီးဌာန၏ သိမ်းဆည်းမြေ ပြန်အပ်ရေး အစီစဉ်ကို မသိရ သေးသဖြင့် မြေယာ တိုင်းတာမှုများ ဆက်လက် လုပ်ဆောင် နေဆဲဟု မျက်မြင် မြေရှင် များက ဆိုပါသည်။
“တိုင်းတာဖို့ စီစဉ်တဲ့ သူတွေ ကတော့ စကခ ၁၉ က ဗျူဟာမှူးဒုတိယ ဗိုလ်မှူးကြီး အောင်မျိုး၊ခမရ ၅၈၆ က ဒုတပ် ရင်း မှူး ဗိုလ်မှူး ကောင်းကျော် မြေစာရင်း လက်ထောက် ဦးစီးမှူး ဦးအောင်ကိုကိုဦး တို့က ဦးဆောင် ပြီးတော့ မနေ့က ခမရ၅၈၆ စစ်တပ်ကသိမ်းထားတဲ့ ခြံမြေ တွေကို တိုင်းတာ မှုတွေ မလုပ်ဘဲနဲ့ လိုချင် သလောက်ကို တိုင်စိုက်ပြီး ဧက ဘယ်လောက် ဆိုပြီး တပ်နာမည် စိုက်လိုက် တာပါဘဲ" ဟု မျက်မြင်က ဆိုပါသည်။
ကာကွယ်ရေး ၀န်ကြီး ဌာနသည် တနိုင်ငံ လုံး၌ ရှိသော ၄င်းတို့ သိမ်းယူ ထားသည့် မြေများထဲမှတည် ဆောက်ရေး အစီ အစဉ် ရှိသည်မှ လွဲပြီး ကျန်တာ အားလုံး ဇူလိုင် လအတွင်း ပြန်ပေးရန် အစီအစဉ် ရှိကြောင်း ကာကွယ်ရေး ၀န်ကြီးဗိုလ်ချုပ်ကြီး ဝေလွင်က ကတိပေး ခဲ့သည်ဟု အမျိုးသား လွှတ်တော် အမတ် ဦးလှဆွေက မီဒီယာ များအား ထုတ်ဖေါ်ပြောကြား ခဲ့ပါသည်။
ခမရ (၅၈၆)သည်၊ ခြံမြေ (၃၄၁.၃) ဧက အား သိမ်းဆည်း ထားပါသည်။ ကာကွယ်ရေး ၀န်ကြီး ဌာနမှ ပြောသော သိမ်းဆည်း မြေထဲမှ တည်ဆောက်ရေး အစီ အစဉ်သည် ဤမျှ များပြား နိုင်မည် မထင်ကြောင်း ခမရ (၅၈၆) အရာရှိဟောင်း တဦးက ဆို ပါသည်။
“ ဒီမြို့ထဲမှာ ရှိတဲ့ တပ်မ စကခ (၁၉) တောင်မှ (၁၇၈) ဧကပဲ ရှိပါတယ်။ ဒါတောင် ဆက်သွယ်ရေးတပ် စစ်ကူ တပ်လည်း ပါသေးတယ်။ ဒါက လိုအပ်ချက် အမှန်ပါ။ အဲဒီထဲက တပ်မ သက်သက် အနေ နဲ့တောင် ယူထားတာ ဧက၁၀၀ မပြည့် ပါဘူး။ အခုက ခမရ (၅၈၆) ဟာ တပ်ရင်း အဆင့် ပါဘဲ ဘာဖြစ်လို့ ဧက ၃၀၀ ကျော် ယူရ တာလဲ။ သဘာဝ မကျ ပါဘူး။ ဒါပေ မဲ့ခက်တာက များများ သိမ်းထား ပြီးတော့ အဲဒီ ခြံကနေ ဆပ်ကြေး ရနေတော့ တင်းခံ နေတာပေါ့။ မြေရှင် ဖက်က ကြည့်မယ် ဆိုရင် အများကြီး နစ်နာ ပါတယ်” ဟု အရာရှိ ဟောင်းက ဆိုပါသည်။
မြေရှင် များကမူ ခမရ (၅၈၆) သည် ၂၀၀၆ ခုနှစ် တွင် မြေဧက (၄၃၀.၃၁၇) အထိ သိမ်းဆည်း ထားကြောင်း မြေတိုင်း ဦးစီး ဌာနက အတည်ပြု ထားသည့်အတွက် ပွင့်လင်း မြင်သာသည့် မှန်ကန်သော တိုင်းတာ မှုများ လုပ်လိုခြင်း မရှိခြင်း ဖြစ်သည်ဟု ဆိုပါသည်။
သိမ်းဆည်းမြေ ပြန်ပေးရေး အတွက် လွှတ်တော် စုံစမ်း စစ်ဆေးရေး ကော်မီရှင်သည် ပြီးခဲ့သည့် ဇွန်လ ဆန်းတွင် မွန်ပြည်နယ် ရေးမြို့နယ်၌ လာရောက် လေ့လာ ခဲ့ပါသည်။ ဤလေ့လာရေး အဖွဲ့တွင် ကော်မီရှင် အဖွဲ့ဝင်များ ကိုယ်တိုင် စစ်တပ် ဖက်သို့ ဘက်လိုက် ခဲ့သည်ဟု ကော်မီရှင် အဖွဲ့ဝင် တချို့က ဆိုပါသည်။ http://www.phophtawnews.org/burmese/index.php/news/internal-news/item/380-2013-06-12-12-32-17.html
၂၀၀၂ ခုနှစ်တွင် သိမ်းဆည်းမြေ အတွက် အစိုးရမှ လျော်ကြေးငွေ အဖြစ် (၁၂၇၈၃၀၀၀) ကျပ် ပေးထားပြီး ဖြစ်ပါသည်။ သို့သော် မြေရှင် များဆီ လျှော်ပေးခြင်း မရှိပေ။ လျှော်ကြေးငွေ များအတွက် ခမရ (၅၈၆) ၌ တာဝန် ရှိသည်ဟု ဆိုပါသည်။
လွှတ်တော်မှ ပြဌာန်း ထားသော သိမ်းဆီးမြေ ပြန်ပေးရေး ဥပဒေကြောင့် ကာကွယ်ရေး ၀န်ကြီး ဌာနသည် ၄င်းတို့ သိမ်းဆည်း ထားသော မြေများကို တည်ဆောက်ရေး ကိစ္စမှ လွဲပြီး ကျန်မြေများ ဇူလိုင်လ အတွင်း ပြန်လည် ပေးအပ် တော့မည်ဟု ဆိုပါသည်။ ဤနေရာတွင် အပြုသဘော ဆောင်မှု ဖြစ်လာရန် လက်တွေ ့အကောင်အထည် ဖေါ်မှုတွင် ပွင့်လင်း မြင်သာပြီး ခမရ (၅၈၆) ကဲ့သို့ ပြုမူ မှုမျိုး မပြုလုပ် မိရန် လိုအပ်ကြောင်း ခြံရှင် များက ဆိုပါသည်။



