ကယားပြည်နယ် ဖရူဆိုး မြို့နယ် တွင်ရှိသော အစိုးရ၏ အမှတ်(၁၄) စစ်ရေး လေ့ကျင့်ရေး ကျောင်းသစ်အား အခြားနေရာသို့ ရွှေ့ပြောင်းပေးရန် ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ KNPP ၏ တောင်းဆိုချက် အပေါ် အစိုးရမှ ပြန်ကြားခြင်း မရှိ သေးကြောင်း ဒုတိယ ဥက္ကဋ္ဌ ခူဦးရယ်က ဆိုပါသည်။

“ ခက်တာက သိမ်းဆည်းမြေဗျ။ အစိုးရကတော့ မြေလွတ်မြေရိုင်းလို့ ဆိုတယ်။ ရွာသားတွေကတော့ လုပ်စားစရာကို မကျန်တော့တာ။ ဒါကြောင့်ရွေ့ပေးပါလို့ တောင်းဆိုနေတာဖြစ်ပါတယ်။ သူတို့ရဲ့ အကြောင်းပြချက် ကတော့အဆောက်အဦးတွေက ဆောက်လုပ်ထားပြီး ဖြစ်လို့ ဘတ်ဂျက် တွေက ကုန်ခဲ့ပြီး ဖြစ်လို့ရွှေ့ဖို့ မဖြစ်နိုင်တော့ဘူးလို့ တော့ပြောပါတယ်” ဟု ဆိုပါသည်။
ထိုသို့ ဖြစ်လျှင်လည်း ၄င်းစစ်ရေးလေ့ကျင့်ရေးကျောင်းကို လူထု အကျိုးပြု လုပ်ငန်းဖြစ်စေမည့် အသက် မွေးဝမ်းကျောင်း အတတ်သင်ကျောင်း အဖြစ် ပြောင်းလဲရေး၊သို့မဟုတ် တခြားပညာပေး လုပ်ငန်း ကျောင်းအဖြစ် ပြောင်းလဲရန်ကိုလည်း ထပ်မံ အကြံပြု ထားခဲ့သော်လည်းအစိုးရ ဘက်မှ တစ်စုံ တစ်ရာ တုံ့ပြန် ခြင်း မရှိခဲ့ပေ။
ထိုစစ်ရေး လေ့ကျင့်ရေးကျောင်း တည်ဆောက် ရန်အတွက် မြေဧက အမြောက် အများသိမ်းဆည်း ထားပါသည်။ဤသို့ကြောင့် ၄င်းစစ်ရေးလေ့ကျင့်ရေးကျောင်း တည်ဆောက်မှုကို ကန့်ကွက်သည့် အနေဖြင့် ဖိအားပေးဖြစ်စေသည့် လူထုဆန္ဒ ခံယူပွဲ၊ ဆုတောင်း ပွဲများနှင့်ဆန္ဒပြပွဲ များလည်း ပြုလုပ်ခဲ့ကြ ပါသည်။
“အဲဒီ နေရာက လူထုတွေရဲ့ စိုက်ပျိုး နယ်မြေ အလယ် တည့်တည့်မှာ ဖြစ်နေ ပါတယ်၊ အာဏာ လက်ဝယ် ရှိပြီး လုပ်ချင် သလို လုပ်တယ်သိသာထင်ရှား လာတဲ့ အခါကျတော့ ပိုင်ရှင် ရှိတယ် လျော်ကြေး ပေးရမယ် ဆိုပြီး ဖြစ်လာတယ်၊ ပေးတော့လည်း တစ်ဧကကို ငါးသောင်း ကျပ်နဲ့ ပေးတော့ လူထုက ဘာကျေနပ် ကြမှာလဲ၊ငွေယူ မယ့်အစား ကိုယ့်မြေကို ဖက်ပြီး အသေခံမယ်ဆိုတဲ့ အယူ ဒေသခံ တွေမှာ ဖြစ်လာတာပေါ့” ဟု ခူဦးရယ်မှ ဆိုပါ သည်။
ထို့ကြောင့် သက်ဆိုင်ရာ ဒေသ အာဏာပိုင်များမှ ၄င်းသိမ်းဆည်း မြေများကိုလျော်ကြေးများ ပြန်ပေးရန် အတွက် ကြိုးစား လုပ်ဆောင် ခဲ့ခြင်း ရှိသော်လည်း၄င်းလျော်ကြေးမှာ ကာလ ပေါက်စျေးနှင့် တွက်ဆ ပါက နည်းပါး လွန်း ကြောင်းဆိုပါသည်။
ထိုစစ်ရေး လေ့ကျင့်ရေး ကျောင်းအတွက် မြေများကို သိမ်းဆည်း ထားရာ၌လည်း လိုအပ်သည်ထက် ပိုမို သိမ်းဆည်း ထားခြင်း ဖြစ်ကာ ၄င်းလုပ်ရပ်သည် မတရားသည့် လုပ်ရပ်ဖြစ်သည်ဟု ခူဦးရယ်မှ ဆိုပါသည်။
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ တို့သည် တရားဝင် ပြည်ထောင်စု အဆင့် (၂) နှစ်ကြိမ်၊ တရားဝင် ပြည်နယ် အဆင့် (၁)ကြိမ်၊ အလွတ် သဘော (၃) ကြိမ်ခန့် တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီး ဖြစ်သည်။
KNPP သည် အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးတိုင်း ၄င်းစစ်ရေးလေ့ကျင့်ရေးကျောင်း ကိစ္စအား တင်ပြ ခဲ့သော်လည်း ယနေ့အထိ သဘောတူညီမှု မရရှိ ခဲ့ပေ။
နောက်ဆုံး ဒုတိယအကြိမ် ပြည်ထောင်စု အဆင့် တွေ့ဆုံ ခဲ့ကြသည့် ဇွန် (၁၉) နှင့် (၂၀) ရက်နေ့အထိ တပ်နေရာချထားရေးနှင့် အခြား အရေးကြီး စစ်ရေး ဆိုင်ရာ ကိစ္စ များကို သဘောတူ နိုင်ခဲ့ခြင်း မရှိသေးဟု ဆိုပါသည်။
KNPP သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မတ်လ (၇) ရက်နေ့တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပါသည်။ သဘော တူညီချက်ပေါင်း နှစ်ဆယ်ကျော် သဘော တူထားသော်လည်း တပ်နေရာ ချထား ရေးကိုမူ ယနေ့အထိ နေရာ ချထားခြင်း မရှိ သေးကြောင်း ဆိုပါသည်။



