ဇွန်လ (၂၆) ရက်နေ့ထုတ် The Voice Weekly ဂျာနယ်သည် ရှမ်းပြည် အလယ်ပိုင်း ကျေးသီးမြို့နယ်ရှိ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP ၏ တာဖာဆောင်း တပ်စခန်းကို အစိုးရ တပ်ဖွဲ့ တို့က တိုက်ခိုက် သိမ်းပိုက် လိုက်သည်ဟု ရေးသား ထားသည့် သတင်းသည် မဟုတ် မှန်ကြောင်း SSPP ဝမ့်ဟိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးခမ်းတီက ဆိုပါသည်။
“တိုက်ပွဲ ဖြစ်တာက ကျေးသီးမြို့နယ် မမ့်ဝပ် ဘုန်းကြီးကျောင်းမှာပါ။ တာဖာဆောင်း တံတားဟာ မမ့်ဝပ် ဘုန်းကြီး ကျောင်းနဲ့က ၁ မိုင်လောက် ဝေးပါတယ်။ တာဖာဆောင်းမှာ လုံခြံုရေး စောင့်ချ ထားတဲ့ ကျနော်တို့ တပ်ဖွဲ့ကို အစိုးရ တပ်တွေ လာတိုက်တာ မရှိခဲ့ပါဘူး။ ဘာကြောင့် အဲဒီလို ရေးရ တာလဲဗျာ။ အချင်းချင်း မှားပစ်တာကို ဖုန်းကွယ် ချင်တာများ လား” ဟု ဆိုပါသည်။

ဇွန်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တွင် ကျေးသီးမြို့နယ် မမ့်ဝပ်ရွာ ဘုန်းကြီးကျောင်းထံရောက်ရှိနေသည့် SSPP တပ်ဖွဲ့ကို အစိုးရ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ ၅၂၅ တပ်ဖွဲ့နှင့် ခမရ ၅၉၆ တို့က စစ်ကြောင်း ၂ ကြောင်းဖြင့် ၂ ရက်ခန့် လာရောက် တိုက်ခိုက်ခဲ့ရာက (၂၄) ရက်နေ့ည ၉ နာရီခွဲ အချိန်တွင် SSPP တပ်ဖွဲ့တို့က ဆုတ်ခွာ ခဲ့ရသည်ဟု ဗိုလ်မှူး ခမ်းတီက ဆိုပါသည်။
SSPP တပ်များ ဆုတ်ခွာပြီး များမကြာမှီ ဇွန်လ ၂၄ ရက်နေ့ ညတွင်းချင်း မမ့်ဝပ်ရွာ အတွင်းသို့ အစိုးရတပ်ဖွဲ့များ ဝင်ရောက် နေရာ ယူခဲ့ပါသည်။ ဤအခြေ အနေကို မသိရှာသော လားရှိုး အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တပ်များက စစ်ကား (၁၀) စီးဖြင့် ဇွန်လ ၂၅ ရက်နေ့ မနက်ပိုင်း (၇) နာရီတွင် စစ်ကူအဖြစ် ရောက်ရှိလာပြီး မမ့်ဝပ် ရွာထဲတွင် ရှိနေသော ရလခ လက်အောက်ခံ တပ်ဖွဲ့ကို SSPP တပ်အထင်ဖြင့် ပစ်ခတ် လိုက်ရာမှ အချင်းချင်း မှားပစ်ခဲ့ကြခြင်း ဖြစ်ပါသည်။
ထိုတိုက်ပွဲတွင် အစိုးရ တပ်ဖွဲ့မှ ၅ ဦး ကျဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိသွားသည်ဟု မျက်မြင် ရွာသားများက ပြောကြောင်း၊ ထိခိုက်မှုများ သည်လည်း မည်သည့် တပ်ဖွဲ့ဘက်မှ ဖြစ်သည်ကိုမူ မသဲကွဲ သေးကြောင်း ဗိုလ်မှူး ခမ်းတီက ဆိုပါ သည်။
The Voice Weekly ရေးသားသော သတင်းသည် အချင်းချင်း မှားယွင်း ပစ်ခတ်မှုကို အာရုံပြောင်းလဲစေရန် အတွက် တာဖါဆောင်း၌ တိုက်ပွဲဖြစ်ပွား သယောင် ထင်ရောင် ထင်မှား ရေးသားခြင်း ဖြစ်ပြီး လမ်းလွှဲလိုက်ခြင်းသာ ဖြစ်ကြောင်း ယူဆထားပါသည်။ https://www.facebook.com/thevoiceweekly/posts/594385047248425
SSPP နှင့် အစိုးရ တပ်ဖွဲ့များ၏ ဇွန်လအတွင်း ဖြစ်ပွားသော တိုက်ပွဲများမှာ (၃) ကြိမ် ရှိခဲ့ကြောင်း ဆိုပါသည်။ ယင်းတိုက်ပွဲများသည် ကျေးသီးမြို့နယ်တွင် ဖြစ်ပွားခဲ့ပြီး၊အစိုးရ တပ်များက SSPP တပ်များကို လာရောက် တိုက်ခိုက်သည်ချည်း ဖြစ်ကြောင်း ယင်းတိုက်ခိုက်မှု (၃) ကြိမ်ထဲတွင်လည်း အချင်းချင်း မှားယွင်းပစ်ခတ်မှုဖြစ်ပွားသည့် တိုက်ပွဲလည်း ပါ၀င် ကြောင်း ဆိုပါသည်။
ထိုတိုက်ပွဲ ထဲတွင် ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သော ကျေးသီးမြို့နယ် အနောက်မြောက်ဘက် ရ မိုင်ခန့် အကွာ၌ ရှိသည့် ဝမ့်ဖွီးရွာ အနောက်ဘက် ဟွေ့နားခီလင်း ယာတော အနီး လွယ်ကုတ် တောင်ခြေတွင် တပ်စွဲထား သော SSPP တပ်စခန်းအား နမ့်လန် ခမရ ၅၀၆ တပ်ဖွဲ့က လာရောက် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲလည်း ပါ၀င်ကြောင်း သတင်းများက ဆိုပါသည်။
ယင်းတိုက်ပွဲတွင် အစိုးရ တပ်ဖွဲ့မှ ၁၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း မျက်မြင်များကို အခြေခံပြီး ကျေးသီး မြို့ခံတဦးက ဆိုပါသည်။
The Voice Weekly တင်ပြသော သတင်းသည် လုံးဝ မှားယွင်းပြီး သတင်း အရင်းအမြစ်လည်း မသဲကွဲ သည့်အတွက် အခြေအမြစ် မရှိပါကြောင်း ဗိုလ်မှူးက ဆိုပါသည်။ ထို့အပြင် SSPP သည် အစိုးရနှင့် ဒုတိယအကြိမ် အပစ်အခတ် ရပ်ခဲ့သော်လည်း အစိုးရဖက်က အကြိမ်တရာကျော် တိုက်ခဲ့သည်ကို The Voice က (၄၀)ကျော်သာ ရေးသားထားခြင်းသည် အခြေအနေမှန်ကို မသိဘဲ ရေးသား ထားခြင်းသာ ဖြစ်ကြောင်း ဆိုပါသည်။
တာဖါဆောင်း တံတားသည် SSPP အတွက် အရေးကြီးသော ဆက်သွယ်ရေး တံတား ဖြစ်ပါသည်။ ဤတံတားသည် SSPP ၏ ဝမ့်ဟိုင်း ဗဟို ဌာနချုပ်သွားရာ လမ်းပိုင်း ဖြစ်ပြီး ရှမ်းပြည် မြောက်ပိုင်းသို့ ဖြတ်သန်း သွားသည့် ဆက်သွယ်ရေး တံတားလည်း ဖြစ်ကြောင်း ဗိုလ်မှူး ခမ်းတီက ဆိုပါသည်။
ဤသို့ကြောင့် ကျေးသီးမြို့နယ် မမ့်ဝပ် ကျေးရွာနှင့် တစ်မိုင်လောက် ဝေးသည့် တာဖာဆောင်း တံတားသည်၂၀၀၉ ခုနှစ်၌ ကျပ်သိန်း ပေါင်း ၁၀၀၀ ကျော် အကုန်အကျ ခံပြီး SSPP မှ တည်ဆောက် ခဲ့ပါသည်။ သို့သော် ၂၀၁၀ ခု နှစ်တွင် အစိုးရ တပ်ဖွဲ့များက လာရောက် မီးရှိူ့ ဖျက်ဆီး ခဲ့ပါသည်။ ဤသည်ကို ၂၀၁၂ ခုနှစ် အပစ်အခတ် ရပ်စဲရေး ဒုတိယ အကြိမ် ကာလတွင် SSPP မှ ပြန်လည် ပြုပြင်တည် ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း The Voice အား သိစေလိုသည်ဟု ဆိုပါသည်။
ထို့အပြင် SSPP နှင့် အစိုးရတို့သည် ၁၉၈၉ ခုနှစ်တွင် ပထမအကြိမ် အပစ်အခတ် ရပ်စဲခဲ့ပြီး ၂၀၁၀ ခုနှစ်တွင်အစိုးရ၏ နယ်ခြား စောင့်တပ် အစီအစဉ်ကို လက်မခံသောကြောင့် တိုက်ပွဲ ပြန်လည် ဖြစ်ပွား ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်ဇန္နာဝါ ရီလ ၂၈ ရက် နေ့တွင် ဒုတိယ အကြိမ် ပြန်လည် အပစ်အခတ် ရပ်စဲခဲ့ကြပါသည်။ ဤကဲ့သို့ ဒုတိယအကြိမ် ပြန်လည် အပစ်အခတ် ရပ်စဲ ခဲ့သော်လည်း အစိုးရ ဖက်က အကြောင်း အမျိုးမျိုးပြပြီး တိုက်ခိုက် ခဲ့ပြန်ရာ တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း ဆိုပါသည်။



