ရှေးဟောင်း မွန်နိုင်ငံတော် သုဝဏ္ဏဘူမိ မြို့ဟောင်းကို ပြန်လည် တူးဖေါ်ရန် ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ရှေ့ဟောင်း သုတေသန ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ ကြီးမှူးသော အလုပ်ရုံ ဆွေးနွေးပွဲက ဆုံးဖြတ် ခဲ့ကြသည်ဟု စာတမ်း ဖတ်ပွဲကို တက်ရောက် ခဲ့သော ကိုလွင်က ဆိုပါသည်။

“ ဒီစာတမ်း ဖတ်ပွဲကို မွန်ပြည်နယ် မော်လမြိုင်မြို့က ရွှေမြင့်မိုရ်ထွန်း ဟိုတယ်မှာ နှစ်ရက် တိတိ ကျင်းပ ခဲ့တယ်။ လူတစ်ရာကျော် တက်ပါတယ်။ ယဉ်ကျေးမှု ၀န်ကြီး ဌာနက ဒုတိယ ၀န်ကြီး ဦးသန်းဆွေနဲ့ ညွန်ကြား ရေးမှူးချုပ် ဦးကျော်ဦးလွင်က ဦးဆောင် ပါတယ်။ ပြည်နယ် ၀န်ကြီးတွေ၊ တက္ကသိုလ် ပညာရှင်တွေ၊ ဌာနဆိုင်ရာ ၀န်ထမ်းတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ သတင်း မီဒီယာ သမားတွေနဲ့ စိတ်ဝင် စားသူတွေ တက်ကြ ပါတယ်” ဟု ဆိုပါသည်။
မွန်ပြည်နယ် သထုံမြို့၌ ရှိသော သုဝဏ္ဏဘူမိ မွန်နိုင်ငံတော် ဟောင်းကို ဖော်ထုတ် နိုင်ရန် ကြိုးစား ခဲ့ကြသည်မှာ၂၅ နှစ် တိုင်တိုင် ကြာလာ ခဲ့သော်လည်း ယခု ပြုလုပ်သော အလုပ်ရုံ ဆွေးနွေးပွဲ (workshop) တွင်မှ သုဝဏ္ဏဘူမိ မြို့ဟောင်းကို ပြန်လည် ဖော်ထုတ်ရန် အတွက် အဓိက ဦးတည် အကောင်အထည် ဖော်တော့မည်ဖြစ် ကြောင်း ဆိုပါသည်။
ထို့အပြင် ရှေးဟောင်း သမိုင်းကို ဖေါ်ထုတ်ပြီး ရေရှည် ထိန်းသိမ်း နိုင်ရန်အတွက် ဥပဒေ တစ်ရပ်ပါ ရေးဆွဲ သင့်ကြောင်း၊ သို့မှသာ ရေရှည် ထိန်းသိမ်း ရာတွင် ခိုင်မြဲမည် ဖြစ်ကြောင်း မော်လမြိုင် တက္ကသိုလ် ပါမောက္ခ တစ်ဦးမှ အဆိုပြုခဲ့ပါသည်။
“သုဝဏ္ဏဘူမိ တူးဖော် ဖို့က ၃ နေရာ ရှိတယ်။ သထုံ ၊၀င်းကနဲ့ ရက်သမာ အဲဒီနေရာ ၃ နေရာမှာစမ်းသပ် တူးဖော်မယ်။ အဲဒါမှ ဘယ်နေရာက သုဝဏ္ဏဘူမိ ဖြစ်မလဲ ဆိုတာကို အတည်ပြုလို့ ရမယ်။ ပြီးတော့ သမိုင်း ဟောင်းတွေကို တူးဖော် ပြီးထိန်းသိမ်း ထားနိုင်ဖို့ အတွက် ဒေသ အတွင်းမှာ ရှိတဲ့ ရှေးဟောင်း သုတေသန နယ်မြေတွေ သတ်မှတ် ပြီးတော့ ဥပေဒနဲ့ တားမြစ်ရမယ် အကာအကွယ် ယူရမယ်” ဟု အဆိုပြု သွားပါသည်။
ယဉ်ကျေးမှု ၀န်ကြီး ဌာနမှ ဘတ်ဂျက် ရေးဆွဲပြီးလျှင် စတင် တူးဖော်မည့် နေ့ရက်ကို သတ်မှတ် နိုင်မည် ဖြစ်သည်။ တူးဖော်သည့် အခါတွင်လည်း ၀န်ကြီးဌာနက ဦးစီးသည် ဆိုသော်လည်း တိုင်းရင်းသား အသိပညာရှင် အတတ် ပညာရှင် များနှင့် စိတ်ဝင်စား သူများက ပါ၀င် ကြမည်ဟု ဆိုပါသည်။
ဤအလုပ်ရုံ ဆွေးနွေးပွဲသည် ယဉ်ကျေးမှု ၀န်ကြီး ဌာနမှ ပါ၀င်သော ပထမအကြိမ် တရားဝင် အလုပ်ရုံ ဆွေးနွေးပွဲ ဖြစ်ပါသည်။ ၂၀၁၂ ခုနှစ်တွင် မွန်သမိုင်းကို တိမ်ကော စေသည့် စာတမ်း ဖတ်ပွဲ တစ်ရပ် ကျင်းပ ခဲ့ဘူး ပါသည်။ ထိုစာတမ်း ဖတ်ပွဲ တွင် ဆရာ ချစ်စံဝင်းက ဦးဆောင် ခဲ့ပြီး မွန်ဒေသ များကို ပျူဒေသ အဖြစ် သမိုင်း အမှားများ ဖန်တီး ပေးခဲ့ဘူး ပါသည်။
ယခု ကျင်းပ ခဲ့သော အလုပ်ရုံ ဆွေးနွေးပွဲသည် မွန်လူမျိုး တို့၏ သုဝဏ္ဏဘူမိ သမိုင်းဟောင်းကို ခိုင်မာစေရန် ရည်ရွယ် ကျင်းပ ရခြင်း ဖြစ်ကြောင်း ယဉ်ကျေးမှု ၀န်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကျော်ဦးလွင်က ဆိုပါသည်။ လူမျိုး တမျိုး၏ အသက်သည် သမိုင်းရေး ဆိုင်ရာ ထိန်းသိမ်း မှုလည်း ပါ၀င်သည်။ အဆက်ဆက်သော အစိုးရများသည် တိမ်ကော နေသော လူမျိုးစု သမိုင်း များကို ပြန်လည် ဖေါ်ထုတ်ခွင့် ပေးမည့်အစား များစွာ ဖျက်ဆီး ပစ်ခဲ့ကြသည်ဟု ဆိုကြပါသည်။



