ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) နှင့် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တို့၏ ဒုတိယ အကြိမ် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွင်လည်း နှစ်ဖက်တပ်များ နေရာချထားရေးကို မဆုံးဖြတ်နိုင်ခဲ့ကြောင်း KNPP အတွင်း ရေးမှူး (၂) ဖြစ်သူ ရွှေမျိုးသန့်က ဆိုပါသည်။

“ တပ်နေရာ ချထားရေး ကိစ္စကိုလည်း ဆွေးနွေးပါတယ်၊ အပြုသဘောဆောင်တဲ့ တိုးတက်မှု တွေ ရလာတယ်လို့ဘဲ ပြောစရာ ရှိတယ်။ တိတိကျကျတော့ မဟုတ်ပါဘူး။ နောက်မှဆွေးနွေးဖြစ်မှာပါ။ အခု သဘောတူလိုက်တာက အချက် (၈) ချက်ပါဘဲ။ ဒါလည်း အရင်က သဘော တူထားတဲ့ အချက် (၁၄) ချက်ကိုဘဲ ပြန် လည် သုံးသပ်ပြီးတော့ အချက် (၈) ချက်နဲ့ ချုပ်လိုက်တာပါ” ဟု ဆိုပါသည်။
KNPP နှင့် အစိုးရ ကိုယ်စားလှယ်တို့သည် နှစ်ရက်တာ ဆွေးနွေးရာမှာ ယနေ့ ပြီးဆုံးခဲ့ပြီးဖြစ်ပါသည်။ KNPP သည် မနက်ဖြန် ကျင်းပရန် ရှိသည့် (၁၃၈) ကြိမ်မြောက် ကရင်နီ အမျိုးသားနေ့ အခမ်းအနားကို တက်ရောက်ရန် ရှိပါသည်။ အစိုးရ ကိုယ်စားလှယ်များနှင့် ၄င်းတို့ ညှိနှိုင်း ရရှိထားသည့် အချက် (၈) ချက်မှာ-
၁။ တပ်နေရာ ချထားရေးကို အပြုသဘောဆောင်သည့် တိုးတက်မှု ရရှိခဲ့သည့်အတွက် တဖြည်းဖြည်းချင်း ဆက်လက် ဆွေးနွေးသွားရန် သဘောတူသည်။
၂။ အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်း ကြပ်မတ်ရန်အတွက် နှစ်ဖက်က တာဝန်ရှိ ပုဂ္ဂိုလ် နှစ်ဦးစီနှင့် နှစ်ဖက် လက်ခံနိုင်သည့် ရပ်မိရပ်ဖ ကိုယ်စားလှယ် သုံးဦးစီ စုစုပေါင်း ဆယ်ဦး ပါ၀င်သည့် ငြိမ်းချမ်းရေးကိုစောင့်ကြည့် မည့် (Guide monitoring committee) ဖွဲ့စည်းသွားရန် သဘောတူသည်။
၃။ ပြည်နယ်အတွင်း ဆောင်ရွက်ရန် ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဖြစ်သည့် ပညာရေး၊ နှင့် ကျန်းမာရေး ကိစ္စ အား KNPPနှင့် ပြည်နယ် အစိုးရတို့ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူသည်။
၄။ ပြည်နယ်အတွင်း အသေးစားနှင့် အကြီးစား ဖွံ့ဖြိုးရေး စီးမံကိန်း လုပ်ငန်းများ အကောင်အထည်ဖေါ်မည် ဆိုပါက ပွင့်လင်းမြင်သာမှု ရှိရန် (တကယ်လို့ စီမံကိန်းအား မဖြစ်မနေ လုပ်ရလျှင် လူထုအား ထိခိုက်နစ်နာလျှင် ထိခိုက်နစ်နာသည့် လူထုအတွက် အစိုးရဖြစ်စေ လုပ်ငန်း အကောင်ထည်ဖော်သည့် ပုဂ္ဂိုလ်ဖြစ်စေ ထိခိုက် နစ်နာမှု များကို ပြေလည်အောင် အာမခံ ဆောင်ရွက်ပေးရန်) သဘောတူသည်။
၅။ နှစ်ဖက် ကြားထဲတွင် လုပ်ငန်းကို ပိုပြီး ထိထိရောက်ရောက် လုပ်ကိုင် နိုင်စေရန်အတွက် လိုအပ်သည့်(Technical Team) ဖွဲ့ရန် သဘောတူသည်။
၆။ စစ်ရှောင် IDP ဒုက္ခသည်များ နေရာ ချထားရေးအတွက် ဖားဆောင်းမြို့နယ် ဘောလခဲ ရွာအနီး အဆင်ပြေမည့် တနေရာတွင် စမ်းသပ် အစီအစဉ်များ ချမှတ်လုပ်ဆောင်သွားရန် သဘောတူသည်။
၇။ မူးယစ်ဆေးဝါး ပြသနာကို ပူးပေါင်း တိုက်ဖျက်ရန် သဘောတူသည်။
၈။ မိုင်းရှင်းလင်းရေး ကိစ္စနှင့် ပတ်သတ်ပြီး နှစ်ဘက် ပူးပေါင်းပြီး ဆောင်ရွက်သွားရန် သဘောတူသည်။
ယင်းဆွေနွေးပွဲကို တက်ရောက်သော KNPP ကိုယ်စားလှယ်များမှာ ဒုတိယ ဥက္ကဌ ခူဦးရယ် ခေါင်းဆောင်ပြီး အတွင်း ရေးမှူး(၁) ဦးအောင်ဆန်းမြင့်၊ အတွင်းရေးမှူး (၂) ရွှေမျိုးသန့်နှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးတို့ ပါ၀င်သော ကိုယ်စားလှယ် (၁၄)ဦး တို့ဖြစ်ပါသည်။
အစိုးရ ကိုယ်စားလှယ်များမှာ အမျိုးသား လုံခြုံရေး ၀န်ကြီး၊ ဦးအောင်မင်း၊ ကာကွယ်ရေး ၀န်ကြီးဌာန အမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် တို့ ဦးဆောင်ပြီး ကိုယ်စားလှယ် (၁၈) ဦး တက်ရောက်ခဲ့ပါသည်။
KNPP နှင့် အစိုးရတို့သည် ၂၀၁၁ ခုနှစ် ဇွန်လ (၉) ရက်နေ့တွင် အပစ်အခတ် ရပ်စဲခဲ့ကြပါသည်။ ဤအချိန် အတောအတွင်းတွင် တကြိမ်သာလျှင် ပြန်လည် ပစ်ခတ်မှု ရှိခဲ့ပါသည်။ သို့သော် အစိုးရဖက်မှ စစ်သင်တန်းကျောင်းများ ဖွင့် လှစ်ခြင်း၊ တပ်နေရာ ချထားခြင်း မရှိခြင်း နှင့် ဆုံးဖြတ်များ အကောင်အထည် ဖေါ်မှု မရှိခြင်း အပေါ် KNPP ဖက်မှ မကျေနပ်မှု ဖြစ်ပွားခဲ့ပါသည်။



