တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ရင်း (၂၅၆) နှင့် နောင်ချို အခြေစိုက် အစိုးရ ခလရ (၁၁၄) တို့သည် ယနေ့ မနက်ပိုင်း ၆ နာရီ အချိန်တွင် နမ့်ဆန်မြို့နယ် မန်လုံနှင့် ပန်လော့ကျေးရွာ အကြားတွင် မိနစ် (၃၀) ခန့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း TNLA တပ်မှူး တစ်ဦးက ဆိုပါသည်။

“ အစိုးရ ခလရ (၁၁၄) က အင်းအား (၅၀) လောက် ရှိမယ်။ စစ်ကြောင်း တကြောင်းပေါ့။ သူတို့က နမ့်ဆန်မြို့ နယ်ရဲ့ TNLA တပ်ရင်း (၂၅၆) ရဲ့ တပ်ကွင်းထဲကို ၀င်လာတော့ မလွဲမရှောင်သာဘဲ တိုက်ရမှာဘဲလေ။ သူတို့ကလည်း တမင်ကို သိလျှက်နဲ့ စစ်ဆင်နေတာ ဆိုတော့ မိနစ် ၃၀ လောက် ရင်ဆိုင် လိုက်တယ်။ ပြီးတော့ သူတို့ ဆုတ်သွားတယ်” ဟု ဆို ပါသည်။
အစိုးရ တပ်ဘက်မှ TNLA အား ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း တအာင်းတပ်မတော်ကပြောပါသည်။ ဤသို့ကြောင့် ယမန်နေ့ ဇွန်လ (၁၄) ရက် မွန်းလွဲ ၂ နာရီ ကလည်း အစိုးရ ခလရ (၁၄၅နှင့် ခလရ ၄၅) ပူးပေါင်း အင်အား (၁၅၀) ခန့်သည် TNLA (၁၁၂) တပ်ရင်း တပ်ဖွဲ့များ နှင့် ကွတ်ခိုင်မြို့နယ် လုံကမ်ကျေးရွာ အနီးတွင် ရင်ဆိုင် တိုက်ပွဲဖြစ်ခဲ့ပါသည်။
အလားတူ ယမန်နေ့ ညနေပိုင်း (၂) နာရီ၌လည်း ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း (၃၆) နှင့် (၃၈) ဒေသဖြစ်သော မုန်ဘော် နောင်းဟဲန် အနီး လွိုင်လောမ့်နှင့်လွိုင်ဆတ်ကြား အစိုးရ ခမရ (၂၄၂)နှင့် ခမရ (၅၀၇) ပူးပေါင်း တပ်ဖွဲ့များနှင့် တအာင်းတပ်မတော်တို့ တနာရီခွဲခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။
ယင်းတိုက်ပွဲ အပြီးတွင် အစိုးရ တပ်ဖွဲ့မှ လမ်းပြအဖြစ် ခေါ်ဆောင်သွားသူ မျက်လုံး တစ်ဖက် သာကောင်းသော နောင်းဟဲန်ရွာသား တစ်ဦးကိုလည်း သတ်ပစ်လိုက်သည်ဟု KIA တပ်မှူး တစ်ဦးက ပြော ဆိုပါသည်။
အစိုးရ တပ်များသည် TNLA ဒေသများကို ပြီးခဲ့သည့် မေလ ဆန်းကတည်းက ပြင်းထန်စွာ စစ်ဆင်လာခဲ့ရာ ယခုအချိန်တွင် ၄င်းတို့ အင်အား (၄၀၀၀) ခန့် TNLA ဒေသတွင်းသို့ ဖြန့်ကျက် နေရာယူ ထားခဲ့ပြီး ဖြစ်သည်ဟု ဆိုပါသည်။ စစ်ဗျူဟာကို နမ့်ခမ်းမြို ့၌ ထားရှိပြီး TNLA အားတိုက်ခိုက်နေသည်ဟုလည်းသိရပါသည်။



