ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) သည် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက် ပြည်တွင်း နိုင်ငံရေး ပါတီများနှင့် လူထု အခြေပြု အဖွဲ့အစည်း များအား နိုင်ငံရေး အမြင်ဖလှယ်ပွဲတစ်ရပ် ထပ်မံ ကျင်းပ ခဲ့ကြောင်း ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်က ဆိုပါသည်။
“ ရန်ကုန်မှာဘဲ ဒီနေ့မနက်က ကျင်းပခဲ့တာပါ။ ကျနော်တို့့ ရည်ရွယ်ခဲ့တာက ကျနော်တို့ သမ္မတ ဦးသိန်းစိန်ထံ တင်ပြ ထားတဲ့ အချက်တွေအပေါ် မူတည်ပြီးတော့ ပြည်တွင်းက အစုအဖွဲ့တွေနဲ့ နိုင်ငံရေး ပါတီတွေရဲ့အမြင်သဘောထား ဆွေးနွေးချက်တွေ ပြန်လည် ရယူဖို့အတွက် ဒီတွေ့ဆုံပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်” ဟု ဆိုပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသည် ရန်ကုန်မြို့ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပခဲ့ပြီး နိုင်ငံရေး ပါတီများနှင့် လူထု အခြေပြု အဖွဲ့အစည်းပေါင်း (၁၂) ဖွဲ့မှ ကိုယ်စားလှယ်ပေါင်း (၉၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ ယင်း ဆွေးနွေးပွဲတွင် RCSS သည် သမ္မတ ဦးသိန်းစိန်ကို တင်ပြခဲ့သော မူးယစ်ဆေးဝါး ပူးပေါင်း တိုက်ဖျက်ရေး၊ ပြည်ပရောက် ရှမ်း တိုင်းရင်းသား များ နေရပ်ပြန်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက် ရာတွင် RCSS ၏ အခန်း ကဏ္ဍများကို တင်ပြ ဆွေးနွေး ခဲ့ကြပြီး အမြင် ဖလှယ်ကြပါသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်များဖြင့် စုပေါင်းထားသော တပ်ပေါင်းစု ဟူ၍ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တပ်ပေါင်းစု တခုသာ ရှိပါသည်။ RCSS သည် တပ်ပေါင်းစုဝင် မဟုတ်သော်လည်း UNFC အဖွဲ့၏ အလုပ်အဖွဲ့ (WGEC) နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။
ဤသို့ကြောင့် RCSS သည် UNFC အဖွဲ့နှင့် အမြင်ဖလှယ်မှု ပြုနိုင်ခဲ့သလို ပြည်တွင်း အင်အားစုများနှင့်လည်း အမြင်ဖလှယ် လိုသဖြင့် ဤသမ္မတနှင့် တွေ့ဆုံသော ခရီးစဉ်တွင် အမြင်ဖလှယ်ပွဲ ကျင်းပလိုခြင်း ဖြစ်သည်ဟု ပြောခွင့်ရသူက ဆို ပါသည်။
ထို့အပြင် RCSS သည် ရှမ်းတိုင်းရင်းသား အရေးကို ဆောင်ရွက်နေကြသော ရှမ်းပြည် တိုးတက်ရေးပါတီ SSPP ၊ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) တို့၏ ကိုယ်စားလှယ်များနှင့်လည်း ရန်ကုန်မြို့Chatrium Hotel တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
“ကျနော်တို့ အဖွဲ့က ရှမ်းပါတီ ၃ ဖွဲ့နဲ့ ရန်ကုန်မြို့မှာ ဇွန်လ ၁၂ ရက်နေ့ တွေ့ကြတယ်။ ပြည်တွင်းမှာ ရှိတဲ့ ရှမ်းပါတီ တွေက အစိုးရရဲ့ခင်းကျင်းထားတဲ့ နိုင်ငံရေးတွေ့ဆုံပွဲလမ်းစဉ် အတိုင်း ဝင်လာဖို့ တိုက်တွန်းကြတယ်။ ဒါမှ ကျနော်တို့ ရှမ်းတိုင်းရင်းသားတွေရဲ့ အရေးကို ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ပြောကြတယ်။ ဒီကိစ္စကို ဆက်ဆွေးနွေးနိုင်ဖို့ တစ်လတစ်ကြိမ် ၊နှစ်လတစ်ကြိမ် ပြန်တွေ့ဖို့ သဘော တူထားပါတယ်”ဟု ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။
RCSS ၏ သမ္မတနှင့် တွေ့ဆုံသော ယခု ခရီးစဉ်တွင် အဆင့် (၃) ဆင့် ရှိသည့် တပ်နေရာ ချထားရေး၊ မူးယစ်ဆေးဝါး ပူးပေါင်း တိုက်ဖျက်ရေးနှင့် ပြည်ပရောက် ရှမ်းအမျိုးသားများ နေရပ်ပြန်လည် အခြေချရေးကို အစိုးရနှင့် ညှိနှိုင်းနိုင်ခဲ့သည် ဟု ဆိုပါသည်။ ထို့အပြင် RCSS နှင့် အစိုးရကြား အဆင်မပြေမှုများ ဖြစ်ပွားလာခဲ့ပါက အဆင့်ဆင့် တိုင်ကြားမှုဖြင့်သာ ဆောင်ရွက်သင့်ကြောင်း သမ္မတက အဆိုပြုခဲ့ပါသည်။
RCSS သည် အစိုးရနှင့် ပြည်နယ် အဆင့် အပါအဝင် ပြည်ထောင်စု အဆင့်၌ (၃) ကြိမ် ဆွေးနွေး ခဲ့ပြီး သဘော တူညီ ချက်ပေါင်း (၄၀) ကျော် သဘောတူ ထားခဲ့ပါသည်။ သို့သော် သဘော တူညီချက် (၂) ချက်သာ အကောင်အထည် ဖေါ် နိုင်ခဲ့ပြီး အစိုးရတပ်ဖွဲ့၏ အကြောင်း အမျိုးမျိုးပြ တိုက်ခိုက်မှုပေါင်း အကြိမ် (၆၀)ခန့် ဖြစ်ပွားခဲ့ပါသည်။
RCSS ၏ သမ္မတတွေ့ဆုံရေး ခရီးစဉ်သည် RCSS ရည်မှန်းထားသော နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးနှင့် ရှေ့ဆက် ပဋိပက ္ခမဖြစ်စေရေးကို အာမ မခံနိုင်ကြောင်း ဝေဖန်သူများက ဆိုပါသည်။



