တိုင်းရင်းသား ညီနောင်ပါတီ (NBF) ၏ (၃) နှစ်ပြည့် အခမ်းအနားတွင် ဖက်ဒရယ် ပြည်ထောင်စု ပါတီ (FUP) ဖွဲ့စည်းရန် အစီအစဉ် ရှိသည်ဟု (၂) ရက်တာ ကျင်းပပြီး ယနေ့ ပြီးဆုံးသွားသော (၁၅) ကြိမ်မြောက် ညီနောင်ပါတီ ညီလာခံတွင် ဆုံးဖြတ်ခဲ့ကြောင်း ချင်းအမျိုးသား ပါတီအထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုအိခ်ထောင် ကဆိုပါသည်။
“ ညီလာခံကနေ အဓိကဆုံးဖြတ်ချက်(၆) ချက် ချပါတယ်။အဲဒီထဲက ညီနောင်ပါတီ (၁၅) ပါတီရဲ့ သုံးနှစ်ပြည့် အခမ်းအနားကိုစက်တာဘာလကျရင် လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ အဲဒီအချိန်မှာ FUP ဖွဲ့ဖို့ဖြစ်ပါတယ်။ ဒီပါတီထဲ ပါ၀င်လိုသူတွေကတော့ သူတို့ရဲ့ မိခင်အဖွဲ့အစည်းကနေနှုတ် ထွက်ပြီး မှ ပါ၀င်ရမယ်လို့ ယေဘူယျ သဘောတူထားတာ ရှိပါတယ်။” ဟုဆိုပါသည်။
FUP ပါတီ မဖွဲ့စည်းမှီ အချိန်၌ NBF အနေဖြင့် အဖွဲ့အစည်း အဟာမိတ်အတွင်း မဟာဗျူဟာ နည်းဗျူးဟာ ရေးဆွဲထားရ မည်ဟု ဆိုပါသည်။ ဇူလိုင်လ ဒုတိယ အပတ်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖက်ဒရယ် ကျအောင် ပြည်ထောင်စု စနစ်ပေါ်လာရန် မည်သို့ပြုပြင် ဖြည့်စွက်မလဲ ဆိုသည့် အပိုင်းကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြင်ဆင် သုံးသပ်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရန် ရှိသည်ဟု ဆိုပါသည်။
ယနေ့ အစည်းအဝေးတွင် ဆုံးဖြတ်ထားသော အချက် (၆)ချက်မှာ
၁။ တိုင်းရင်းသား ပါတီများ၏ နိုင်ငံရေး ရှင်သန် တိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် PR စနစ်ကို ကန့်ကွက်သည်။
၂။ ဇွန်လအတွင်းမှာ လွတ်တော်သို့ တင်သွင်းကြမည့် PR System ၏ အချိုးကျ ကိုယ်စားပြု စနစ်ကို ကန့်ကွက်သည်။
၃။ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် မတရားအသင်း ဆိုင်ရာ အက်ဥပဒေ ပုဒ်မ ၁၇/၁ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ ပုဒ်မ ၁၈/က ပုဒ်မခွဲ ၃ တို့ကို ပယ်ဖျက်ပေးရန်။ ဤပုဒ်မသည် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်သည့် နေရာ၌ အနှောက်အယှက် ဖြစ်စေသည့်အတွက် အမြန်ဆုံး ပယ်ဖျက်ပေးရန် တိုက်တွန်းထားသည်။
၄။၂၀၁၅ ခုနှစ် မတိုင်မီ ပြည်ထောင်စု ညီလာခံ တစ်ရပ် သက်ဆိုင်ရာ နိုင်ငံရေးပါတီများ၊ အစိုးရ ကိုယ်စားလှယ်များ၊ တပ်မတော်သားများ၊ လက်နက်ကိုင် တိုင်းရင်းသား အင်အားစုများ၊ ဒီမိုကရေးစီ အင်အားစုများ အားလုံး ပါ၀င်သည့် ပြည်ထောင်စု ညီလာခံ တစ်ရပ်ကို ခေါ်ယူကျင်းပရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖြည့်စွက်၍ ပြည်ထောင်စု ပေါ် ထွန်းလာရေး ဆောင်ရွက်ရန် နိုင်ငံတော် အစိုးရနှင့် ပြည်ထောင်စု လွတ်တော်ကို အလေးအနက် တိုက်တွန်းထားပါသည်။
၅။ နိုင်ငံသား မဟုတ်သူများကိုနိုင်ငံရေးပါတီ တည်ထောင်ခွင့် ရွေးချယ်ခံပိုင်ခွင့် နှင့်ရွေးချယ်မဲပေးခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို အနှောက်အယှက် ထိပါးစေနိုင်သည့် အတွက်ကြောင့် ဤကိစ္စနှင့် ပတ်သတ်သည့် ဥပဒေပုဒ်မ ကို ပယ်ဖျက်ပေးရန်။
၆။ တိုင်းရင်းသား ဒေသများတွင် လက်ရှိဖြစ်ပေါ်နေသည့် နေအိမ်များ မီးရှို့ခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက် မတရားပြုကျင့်မှုများ၊ ပြည်သူများ ပိုင်ဆိုင်သည့် လယ်ယာမြေများကို မတရားသိမ်းသူများ ဥပဒေနှင့် ကျူးလွန်သူ များကို ဥပဒေဖြင့် အရေးယူပေးရန် ဟူ၍ ဆုံးဖြတ်ထားပါသည်။
ညီနောင် (၁၅) ပါတီ၏ ညီလာခံကို ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ဇွန်လ (၁၀) ရက်နေ့မှ (၁၁) ရက်နေ့အထိ ကျင်းပခဲ့ ကြပါသည်။
FUP ဖွဲ့စည်းခြင်းသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို အဓိကထား ယှဉ်ပြိုင်ရန် အဓိက ရည်ရွယ်ထားသည့် ပါတီ ဖြစ်ပြီး FUP ကို ဖွဲ့စည်းပြီးပါက ပါတီမှတ်ပုံတင်သွားမည်ဟု ဆိုပါသည်။ မြန်မာနိုင်ငံတွင် တရားဝင် နိုင်ငံရေးပါတီ (၅၆) ပါတီ ရှိသည့် အနက် တိုင်းရင်းသား ပါတီသည် (၃၀) ခန့် ရှိသည်ဟု ဆိုပါသည်။
“တိုင်းရင်းသား ဒေသမှာ ရှိတဲ့ တိုင်းရင်းသားတွေ ချည်းပဲ မဟုတ်ပဲနဲ့ ပြည်ပမှာရှိတဲ့ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး ပြည်ထောင်စု အဆင့်ကို မျှော်လင့်ထားပါတယ်။ ပြောရမယ် ဆိုရင်တော့ FUP ကို တည်ထောင်ခြင်းအားဖြင့် သမ္မတ နေရာကိုပါ မျှော်လင့်လို့ ရတဲ့ အခြေအနေမျိုုး ဖန်တီးသည့် သဘောပါ။”ဟုဆိုပါသည်။
NBF သည် ပြည်နယ် အသီးသီး၌ အစိုးရ ဖွဲ့စည်းနိုင်ရန် ပထမအဆင့် ရည်မှန်းထားပြီး ၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စု လွတ်တော်နှင့် အောက်လွှတ်တော်တွင် အစိုးရဖွဲ့နိုင်ရန် ကြိုးစားသွားမည်ဟု ဆိုပါသည်။



