သမ္မတ ဦးသိန်းစိန်သည် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA နှင့် နေပြည်တော်၌ တွေ့ဆုံစဉ်က တပ်နေရာ ချထားရေးကို အဆင့် ၃ ဆင့်ခွဲ ပြီး ဆောင်ရွက်ပေးရန် သက်ဆိုင်ရာ ဌာန ဝန်ကြီးများကို ညွှန်ကြား ထားသည်ဟု RCSS ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်ဆိုင် ကဆိုပါသည်။
“၁၀ ရက်နေ့က သမ္မတနဲ့ တွေ့စဉ် တပ်နေရာ ချထားရေး ကိစ္စကို ကျနော်တို့ ဘက်က တင်ပြဆွေးနွေးတာ တော့ မရှိပါဘူး။ ဒါပေမဲ့ နှစ်ဖက် တပ်ဖွဲ့တွေ အနေနဲ့ တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိရန် တပ်နေရာ ချထားရေးကို ဆောင်ရွက်ပေးသင့် တယ်လို့ သမ္မတက သက်ဆိုင်ရာ ဝန်ကြီး ဌာနတွေကို ညွန်ကြားလိုက်တာ ဖြစ်တယ်လို့” ဆိုပါသည်။
အဆင့် (၃) ဆင့်ဆိုရာ၌ပထမ အဆင့်အဖြစ် အရေးကြီးသော နေရာ၌ စတင်ဆောင်ရွက်ပေးရန် ဖြစ်ပြီး ဒုတိယ အဆင့်တွင် သိပ်အရေး မကြီးသည့်နေရာနှင့် တတိယ အဆင့်တွင် သာမန်နေရာ ဟူ၍ ညွှန်ကြားခဲ့ခြင်းဖြစ်ပါသည်။ လုပ်ငန်း အကောင် အထည် ဖော်ရာတွင်လည်း ဆက်ဆံရေးရုံးမှ တဆင့် တင်ပြဆွေးနွေးသွားကြရန် RCSS အဖွဲ့အား တိုက်တွန်း ပြောကြား ခဲ့သည်ဟုဆိုပါသည်။
တပ်နေရာ ချထားရေးကိစ္စကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ နယ်စပ်ရေးရာ ဝန်ကြီးတို့နှင့် ညှိနှိုင်းပြီး ဆောင်ရွက် သွားရန် သမ္မတက ဆိုပါသည်။ RCSS အဖွဲ့နှင့် အစိုးရ တို့သည် ၂ ရက်ခန့် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပခဲ့သော်လည်း ပစ်ခတ်မှု မဖြစ်ပွားရန် စောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းရေးကိုသာ သဘော တူညီနိုင်ခဲ့ပါသည်။
RCSS ဘက်မှ တင်ပြ ဆွေးနွေးသွားသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စနှင့် ထိုင်းနိုင်ငံ အတွင်း၌ ရွေ့ပြောင်းအလုပ် သမားအဖြစ် နေထိုင်နေကြသည့် ရှမ်းတိုင်းရင်းသားများ နေရပ်ပြန်လည်နေရာ ချထားရေးကိုမူ အစိုးရဘက်မှ မူအရ သဘောတူခဲ့ပါသည်။
ဤလူများသည် ၁၉၉၆ ခုနှစ် တွင် အစိုးရ၏ ဖြတ် ၄ ဖြတ် စစ်ဆင်ရေးကြောင့် မြို့နယ်ပေါင်း (၁၇) မြို့နယ်မှ ရှမ်းကျေးရွာပေါင်း ၁၅၀၀ ခန့်မှ ရှမ်းပြည်သူပေါင်း (၈) သိန်းခန့် ရွေ့ပြောင်း ခံခဲ့ရသည်။ ထိုပြောင်းရွေ့ခံ ကျေးရွာများမှ ရှမ်းပြည်သူ များတို့သည် ထိုင်းနိုင်ငံ အတွင်း၌ရွေ့ပြောင်း အလုပ်သမား ဘဝဖြင့် သောင်တင် နေထိုင်ခဲ့ရသည်။
ပြည်တွင်းငြိမ်းချမ်းရေး ရှိပါက နေရပ်ပြန်လိုကြောင်း ဇွန်လ ဆန်းပိုင်းက ကျင်းပသွားသည့် ထိုင်းနိုင်ငံရောက် ရှမ်းတိုင်းရင်းသား အဖွဲ့များ ဆွေးနွေးပွဲ အတွင်း၌ ရှမ်းတိုင်းရင်းသားများက တင်ပြခဲ့သည်။ ယင်းအဆိုကို RCSS အဖွဲ့က အစိုးရထံ ပြန်လည် တင်ပြ ပေးခြင်း ဖြစ်ပါသည်။
အစိုးရ ဘက်ကမူ ပြည်တွင်းသို့ ပြန်လာပြီး သန်ကောင် စာရင်းနှင့် မှတ်ပုံတင်များ ပြန်လည် ပြုလုပ်ပေးမည် ဟု ဆိုပါသည်။ သို့သော် နေရပ်ပြန် ရှမ်းပြည်သူများအတွက် မည်ကဲ့သို့ တာဝန်ယူ ဆောင်ရွက်ပေးသွား မည်ကို ပြောကြားခြင်း မရှိပါ။ သို့ သော် နှစ်ဖက် တပ်ဖွဲ့များ တပ်နေရာ ချထားရေး ပြေလည်မှု အပေါ် မူတည်ပြီးမှ နေရပ်ပြန်ကိစ္စကို စဉ်းစားနိုင်မည် ဖြစ်ကြောင်း ရှမ်းပြည်သူ ကိုယ်စား ရှမ်းအမျိုးသမီးအဖွဲ့မှ ယိမ်းတာမ်းဟောန် က ဆိုပါသည်။
“ပြန်တဲ့ နေရာမှာလည်း ဘာမှ အဆင်သင့် မဖြစ်သေးဘဲနဲ့တော့ နေရပ်ပြန်ဖို့ နည်းနည်း ခက်နေကြမယ်။ ထိုင်းမှာ ရွေ့ပြောင်း အလုပ်သမား ဘဝအဖြစ် ဆက်မနေချင်တော့ဘူး။ ဒီအထဲမှာ ကျမတို့ ရှမ်းတိုင်းရင်း သားက (၈) သိန်းလောက် ရှိတယ်။ ကိုယ့်ရွာကို ပြန်ချင် နေကြတယ်။” ဟု ဆိုပါသည်။
နေရပ် ပြန်လိုသူများကို ထိုင်းနိုင်ငံရှိ မြန်မာ သံရုံးမှ တဆင့် ရှမ်းတိုင်းရင်းသားများအတွက် ပြည်တွင်းပြန်နိုင် ရန် သက်သေခံ မှတ်ပုံတင် ၊ သက်သေခံပြေစာများ ထုတ်ပေးခြင်း အရင်ပြုလုပ် ပေးထားသင့်ကြောင်း ဆိုပါသည်။
RCSS အဖွဲ့သည် အစိုးရ၏ အပစ်အခတ် ရပ်စဲရေးကို ပထမဦးဆုံး လက်မှတ်ရေးထားသည့် အဖွဲ့ဖြစ်သည်။ အချက်ပေါင်း ၄၀ ခန့် သဘောတူညီချက်များ ရရှိထားခဲ့ပြီး အချက် ၂ ချက်ကိုသာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း RCSS ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးယွတ်ဆစ် က ဆိုပါသည်။



